ကန်ချနပူရီ၊ အောက်တိုဘာ ၂၂ – ကန်ချနပူရီခရိုင် လူဝင်မှုကြီးကြပ်ရေး (လဝက) ရဲမှူးကြီး ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ပုံမှန်မဟုတ်သော ဝန်ပိုတင်ဆောင်လာသည့် သံသယဖြစ်ဖွယ် ပစ်ကပ်ကားတစ်စီးကို လိုက်လံစစ်ဆေးရာ ယာဉ်မောင်းက အရှိန်တင်ပြေးမြှောက်သွားသော်လည်း မလွတ်မြောက်ဘဲ မြို့ရှောင်လမ်းပေါ်တွင် ကြားဖြတ်တားဆီးဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ကားအတွင်းတွင် မြန်မာအမျိုးသား၊ အမျိုးသမီးစုစုပေါင်း ၉ ဦးက ကျပ်ညပ်စွာ လိုက်ပါနေသည်ကို တွေ့ရှိခဲ့ပြီး ယာဉ်မောင်းမှာ အသက် (၃၅) နှစ်အရွယ် မြန်မာနိုင်ငံသား ဦးအောင်ဖြိုးဇော် ဖြစ်ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုအရ ဦးအောင်ဖြိုးဇော်သည် “မောင်ဘတ်” (အမည်မသိ) ဟုခေါ်သော လူတစ်ဦး၏ ငှားရမ်းမှုဖြင့် ထာ့မခန်တံတားအနီး စောင့်ဆိုင်းနေရာမှ ချွန်ဘူရီခရိုင်သို့ အလုပ်သွားရန် မြန်မာအလုပ်သမား ၉ ဦးကို ပို့ဆောင်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး တစ်ဦးလျှင် ဘတ် ၇၀၀ ပို့ဆောင်ခရရှိမည်ဟု ဝန်ခံထုတ်ဆိုခဲ့သည်။
အလုပ်သမားများကလည်း ပွဲစားများအား တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ ပေးချေရန် သဘောတူထားကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ စံခလပူရီနယ်စပ်မှ လှေ၊ ကားတို့ဖြင့် ခိုးဝင်လာခဲ့ကြောင်း ဝန်ခံထုတ်ဆိုခဲ့ကြသည်။


လဝကအဖွဲ့က ယာဉ်မောင်းနှင့် အလုပ်သမား ၉ ဦးအားလုံးကို ကန်ချနပူရီမြို့မရဲစခန်းသို့ လွှဲပြောင်းကာ သက်ဆိုင်ရာပုဒ်မများဖြင့် အမှုဖွင့်စစ်ဆေးနေပြီး လူကုန်ကူးမှုကွန်ရက်တွင် ပါဝင်ပတ်သက်သူများကို ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဟု ပြောကြားခဲ့သည်။




































