ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်အတွင်း၌ အောက်တိုဘာလ ၂၁ ရက်နေ့က ရဲတပ်ဖွဲ့၏ လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ကိုဝင်တိုက်ခဲ့ရာ ကားပေါ်တွင် တရားမဝင် လိုက်ပါလာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ဖြစ်စဉ်မှာ ထောင်းဖာဖွန်မြို့နယ်၊ ဘန့်ဖူးပရာဒူကျေးရွာအနီးတွင် တရားမဝင် မြန်မာလုပ်သားများကို တင်ဆောင်လာသည့် အနက်ရောင် Fortuner ကားတစ်စီးအား အဝေးပြေးလမ်းမရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာမှ ကားမှာ လမ်းကွေ့၌ အရှိန်လွန်ချော်ထွက်ကာ ဓာတ်တိုင်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်းမှာ ကားကိုထား၍ တောထဲသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။





ကားတိုက်မှုကြောင့် ဓာတ်တိုင်ကျိုးသွားခဲ့သော်လည်း ဓာတ်ကြိုးများဖြင့် ချိတ်ဆွဲနေသောကြောင့် လမ်းပေါ်သို့ ပြုတ်မကျခဲ့ဘဲ ကားပေါ်ပါလာသူများလည်း ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများမှာ မြန်မာအမျိုးသား ၇ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း ၁၅ ဦးဖြစ်ပြီး ၎င်းတို့နှင့်အတူ လာအိုအမျိုးသမီးတစ်ဦးလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် ရန်ကုန်နှင့် မန္တလေးမြို့များမှ ဘုရားသုံးဆူနယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားများအား တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိ ပေးချေခဲ့ရကြောင်း ဝန်ခံခဲ့ကြသည်။
ဖမ်းဆီးရမိသည့် အလုပ်သမားများအားလုံးကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ကန်ချနပူရီပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ဆက်တိုက်ဖမ်းဆီးမိလျက်ရှိရာ အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း ထောင်းဖာဖွန်မြို့နယ်ရှိ တောအုပ်တစ်ခုအတွင်းမှ မြန်မာနိုင်ငံသား ၁၆၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ထိုင်းအာဏာပိုင်များ၏ စာရင်းများအရ အောက်တိုဘာလ ၁ ရက်မှ ၂၁ ရက်နေ့အထိ နယ်စပ်မှတရားမဝင် ဝင်ရောက်လာ၍ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၄၃၀ ဦးထက်မနည်း ရှိပြီဖြစ်သည်။




































