ဆမွတ်ဆာခွန်၊ အောက်တိုဘာ ၂၂ – ထိုင်းနိုင်ငံမူဝါဒအရ ဆမွတ်ဆာခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို တိုးချဲ့ဆောင်ရွက်ခဲ့ရာ တရားမဝင်အလုပ်သမား ပို့ဆောင်ရေးကွန်ရက်၏ ခေါင်းဆောင်များဖြစ်သော ထိုင်းနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါကွန်ရက်သည် ကရင်တိုင်းရင်းသား အလုပ်သမားများကို မြောက်ပိုင်းနယ်စပ်မှတစ်ဆင့် ဆမွတ်ဆာခွန်ရှိ စက်ရုံများသို့ တရားမဝင် ခေါ်ယူပို့ဆောင်ပေးနေခြင်းဖြစ်ပြီး ၎င်းတို့၏ ဘဏ်အကောင့်များအတွင်း ငွေလည်ပတ်မှုမှာ ဘတ်သန်း ၁၀၀ ကျော်ရှိကြောင်း အံ့အားသင့်ဖွယ် စစ်ဆေးတွေ့ရှိခဲ့သည်။
အောက်တိုဘာလ ၂၂ ရက်၊ ၂၅၆၈ ခုနှစ်တွင် ဆမွတ်ဆာခွန်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ပေါ့က်ချတ် ချိုင်းဆုခ်ဝပ်၊ ဒု-ရဲမှူးကြီး ဆစ်ထဖုန်း ချူးမောင်း နှင့် ရဲအုပ် ဂျီရာယု ချတ်ချိုင်း တို့ဦးဆောင်သောအဖွဲ့သည် နိုင်ငံဖြတ်ကျော် တရားမဝင်အလုပ်သမား ပို့ဆောင်မှုကွန်ရက်၏ အဓိကတရားခံ ၂ ဦးကို ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
ရဲမှူးကြီး ပေါ့က်ချတ်က “ဒီဖမ်းဆီးမှုဟာ ဥပဒေချိုးဖောက်သူတွေကို နှိမ်နင်းဖို့ ရဲချုပ်ရဲ့ မူဝါဒအတိုင်း အကောင်အထည်ဖော်တာပါ။ အရင်အမှုတွေကနေ တိုးချဲ့စုံစမ်းခဲ့ရာမှာ အခုဖမ်းမိတဲ့သူ ၂ ယောက်ဟာ တရားမဝင်အလုပ်သမား ခေါ်ယူ၊ ပို့ဆောင်ရေးလုပ်ငန်းစဉ်တစ်ခုလုံးကို အဓိကစီမံခန့်ခွဲနေတဲ့ ခေါင်းဆောင်တွေဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
၎င်းတို့၏ လုပ်ဆောင်ပုံမှာ မြန်မာနိုင်ငံမှ ကရင်တိုင်းရင်းသား အလုပ်သမားများကို ထိုင်းနိုင်ငံ မြောက်ပိုင်းနယ်စပ်မှတစ်ဆင့် ခေါ်ယူပြီး စက်မှုလုပ်ငန်းကြီးများတည်ရှိရာ ဆမွတ်ဆာခွန်ခရိုင်သို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။
အလုပ်သမားရှာဖွေခြင်းနှင့် ခရီးစဉ်စီစဉ်ခြင်းများအတွက် လူမှုကွန်ရက်မီဒီယာ (Social Media) ကို အဓိကအသုံးပြုခဲ့သည်။
ရဲတပ်ဖွဲ့က သက်သေအထောက်အထားများ စုဆောင်းပြီးနောက် ထိုင်းနိုင်ငံသားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ဆွန်မ်ချိုင်း နှင့် မြန်မာနိုင်ငံသားဖြစ်သူ အသက် ၃၁ နှစ်အရွယ် စောခင်အေး တို့နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် ကွန်ရက်၏ ဘဏ်အကောင့်များအတွင်း ငွေကြေးလည်ပတ်စီးဆင်းမှုမှာ ဘတ်သန်း ၁၀၀ ကျော် ရှိနေခြင်းက ဤလူမှောင်ခိုလုပ်ငန်း၏
ကြီးမားရှုပ်ထွေးမှုကို ပြသနေသည်။
ဖမ်းဆီးရမိသူနှစ်ဦးအား “နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူမှန်း သိလျက်နှင့် ဖမ်းဆီးခြင်းမှ လွတ်မြောက်စေရန် ရည်ရွယ်၍ တည်းခိုခွင့်ပေးခြင်း၊ ဖွက်ထားခြင်း သို့မဟုတ် အကူအညီပေးခြင်း” စသည့်ပြစ်မှုဖြင့် အမှုဖွင့်ထားပြီး နောက်ဆက်တွဲတရားခံများ ဖော်ထုတ်နိုင်ရန် ကထုန့်ဘဲန်မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းကာ ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
Crd-ဆမွတ်ဆာခွန် သတင်းအဖွဲ့








































