ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြန်မာ-ထိုင်းနယ်စပ်အနီးရှိ နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် KK Park ကို မြန်မာစစ်တပ်က ဝင်ရောက်ရှင်းလင်းသိမ်းဆည်းခဲ့ပြီး ရာနှင့်ချီသော အဆောက်အအုံများအတွင်းမှ လူပေါင်း ၂,၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း စစ်အစိုးရလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
အဆိုပါ KK Park အား စစ်တပ်စစ်ကြောင်းများက ဝင်ရောက်ရှင်းလင်းခဲ့ရာ အလုပ်သမား အမျိုးသား ၁,၆၄၅ ဦး၊ အမျိုးသမီး ၄၅၅ ဦးနှင့် လုံခြုံရေးဝန်ထမ်း ၉၈ ဦး၊ စုစုပေါင်း ၂,၁၉၈ ဦးကို တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့အပြင် တိုက်ပွဲစဉ်တစ်လျှောက်တွင် တိုက်ပွဲကြီး ၆ ကြိမ်၊ တိုက်ပွဲငယ် ၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အလောင်း ၁၀ လောင်း၊ လက်နက်မျိုးစုံ ၁၆ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သလို KK Park အတွင်းမှ ထူးခြားလက္ခဏာမတွေ့သော်လည်း တရားမဝင်ဆက်သွယ်မှုဆောင်ရွက်ရန် ရည်ရွယ်တပ်ဆင်ထားသည့် Star Link စလောင်း (၃၀) စုံနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည့်အပြင် ဆောက်လုပ်ပြီးအဆောက်အအုံ (၁)ထပ် တိုက် ၁၀ လုံး၊ (၂)ထပ်တိုက် ၁၀၀လုံး၊ (၄)ထပ်တိုက် ၂၀ လုံးနှင့် (၅)ထပ်တိုက် ၂လုံး၊(၁)ထပ်တိုက် ဈေးဆိုင်ခန်း ၂၀လုံး၊ (၂)ထပ်တိုက် ဈေးဆိုင်ခန်း ၃၀လုံး၊ (၁)ထပ်တိုက် ဂိုထောင် ၁၅လုံး၊ (၂)ထပ်တိုက် ဂိုထောင် ၂၀လုံး၊ (၄)ထပ်တိုက်ဂိုထောင် ၁၀လုံး၊ ဆောက်လုပ်ဆဲ (၂)ထပ်တိုက် ၂၁လုံး၊ (၃)ထပ်တိုက် ၁၀လုံး၊ (၄)ထပ်တိုက် ၅လုံး၊ (၅)ထပ်တိုက် ၅လုံးနှင့် (၁)ထပ်တိုက် ဆေးပေးခန်း ၂ခန်းတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
KK Park ဝန်းအတွင်းရှိ အဆောက်အအုံများနှင့် မြေပိုင်ဆိုင်မှုများသည် နိုင်ငံတော်၏ တရားဝင်ခွင့်ပြုချက်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလိုင်စင်များ မရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိသည့်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခု KK Park အား ဝင်ရောက်စီးနင်းမှုသည် လေးကေ့ကော်ဒေသတစ်ဝိုက်၌ KNU/KNLA နှင့် PDF များအား ရှင်းလင်းသည့် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု စစ်အစိုးရက ဆိုသည်။
တပ်မတော်အနေဖြင့် နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက်ရှိ တရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) နှင့် လောင်းကစားမှုများ နှိမ်နင်းရေးအတွက် အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ထို့အတူ KNU/KNLA ၊ PDF အဖွဲ့များထိန်း ချုပ်ထားသည့် လေးကေ့ကော်ဒေသရှိ ရှု့ခင်းသာစခန်းနှင့် ပွိုင့်-၁၀၇၈ စွယ်တော်စခန်းကုန်းတို့အား မြန်မာစစ်တပ်မှပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ကြောင်း၊ စစ်ကြောင်းများမှ ရှု့ခင်းသာစခန်းအား အောက်တိုဘာ ၁၇ ရက်၊ ပွိုင့်-၁၀၇၈ စွယ်တော်စခန်းကုန်းအား ယနေ့ အောက်တိုဘာ ၁၉ ရက်တို့တွင် ပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် နယ်စပ်ဒေသတစ်လျှောက်အား ဆက်လက်ရှင်းလင်းမှုများပြုလုပ်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စစ်ကြောင်းများသည် သင်္ဃန်းညီနောင်တပ်နယ်နှင့် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီအာရှလမ်းမကြီးအား စက်တင်ဘာ ၆ ရက်၊ လက်ခတ်တောင်ဘုရားကုန်းနှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား စက် တင်ဘာ ၉ ရက်၊ ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းမှ ၂၀၁၅ ခုနှစ်တွင် ဒေသခံတို-က်ပွဲရှောင်များအတွက်ဆောက်လုပ်ပေးထားသည့် လေးကေ့ကော်မြို့သစ်အား အောက်တိုဘာ ၅ ရက်တို့တွင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
တပ်မတော်စစ်ကြောင်းများက နယ်စပ်ဒေသတစ်လျှောက် အဓိကကျသည့်နေရာများအား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ကာ ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။









































