ကမ္ဘောဒီးယားမှာ လူကုန်ကူးမှုတွေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် တောင်ကိုရီးယားသမ္မတ Lee Jae Myung က အရှေ့တောင်အာရှနိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ တရားမဝင်အလုပ်ခေါ်တဲ့ အွန်လိုင်းကြော်ငြာတွေကို ချက်ချင်းရှင်းလင်းဖယ်ရှားဖို့ အမိန့်ပေးလိုက်ပါတယ်။
သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက “ကမ္ဘောဒီးယားမှာ အခုလိုဖမ်းဆီးမှုတွေ တင်းတင်းကျပ်ကျပ်လုပ်လာတော့ အလုပ်ခေါ်တဲ့လိမ်လည်သမားတွေက တခြားအရှေ့တောင်အာရှနိုင်ငံတွေကို ပြောင်းသွားမှာ စိုးရိမ်လို့ သမ္မတက ဒီလိုအရေးပေါ်ညွှန်ကြားတာပါ” လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် အစိုးရအဖွဲ့တွေက ဝဘ်ဆိုဒ်တွေ၊ ဆိုရှယ်မီဒီယာတွေကို သေချာစောင့်ကြည့်ပြီး ဒီလိုကြော်ငြာအတုတွေကို ရှင်းလင်းသွားမယ်လို့ သမ္မတက ပြောပါတယ်။
ဒီကိစ္စအတွက် သီးသန့်အဖွဲ့တစ်ဖွဲ့ဖွဲ့ထားပြီး Naver, Kakao, Google တို့လို ကုမ္ပဏီကြီးတွေနဲ့လည်း ပေါင်းပြီး အကြံဉာဏ်တွေယူမှာပါ။
အဲ့ဒီကုမ္ပဏီတွေ ကိုယ်တိုင်လည်း တရားမဝင်တဲ့ပို့စ်တွေကို စပြီး စိစစ်ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ ဒီလိုကြော်ငြာတွေ ဘယ်လောက်များနေပြီလဲဆိုတာ စာရင်းမပြုစုရသေးပေမဲ့၊ တွေ့သမျှကြော်ငြာတွေကိုတော့ အမြန်ဆုံးရှင်းလင်းနေတယ်လို့ သမ္မတက အလေးထားပြောသွားပါတယ်။ အဖွဲ့တွေ အားလုံးအဆင်သင့်ဖြစ်တာနဲ့ အချက်အလက်တွေ စကောက်တော့မှာပါ။




































