“‘ဝ’ ပြည်နယ် လိုချင်တယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲဝင်ပြီး တောင်းဆိုပါ”
ဒီစကားကတော့ မကြာသေးခင်က နေပြည်တော်မှာလုပ်ခဲ့တဲ့ NCA ၁၀ နှစ်ပြည့် အခမ်းအနားမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြောခဲ့တဲ့စကားပါ။
‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို ရည်ညွှန်းပြီး တရားဝင်လမ်းကြောင်းကနေ တောင်းဆိုဖို့ တိုက်တွန်းလိုက်တာပါ။
ဒီစကားကို အပေါ်ယံကြည့်ရင်တော့ ဒါဟာ ဥပဒေနဲ့အညီ ဖြေရှင်းဖို့ လမ်းဖွင့်ပေးတဲ့ သဘောမျိုးပါပဲ။
ဒါပေမဲ့ မြန်မာ့နိုင်ငံရေးသမိုင်းကို ပြန်ကြည့်လိုက်တဲ့အခါ ဒီလိုကမ်းလှမ်းချက်မျိုးဟာ အသစ်အဆန်းမဟုတ်သလို၊ နောက်ကွယ်မှာ စဉ်းစားစရာတွေ အများကြီး ရှိနေပါတယ်။



စစ်ကောင်စီရဲ့ ဒီကမ်းလှမ်းချက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က ဝန်ကြီးချုပ်ဦးနုရဲ့ မွန်ပြည်နယ်အရေး ရပ်တည်ချက်နဲ့ တစ်ပုံစံတည်း တူနေတယ်လို့ NCA အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မွန်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်ပါတယ်။
အဲဒီတုန်းက မွန်ခေါင်းဆောင်တွေက မွန်ပြည်နယ် တောင်းဆိုတော့ ဝန်ကြီးချုပ်ဦးနုက “မွန်ပြည်နယ်လိုချင်ရင် လွှတ်တော်ထဲကနေတဆင့် တောင်းယူပါ” လို့ ပြောခဲ့ပါတယ်။
ဒီစကားအတိုင်းပဲ ဥက္ကဋ္ဌ နိုင်အောင်ထွန်း ဦးဆောင်တဲ့ မွန်ပြည်သူ့တပ်ဦးဟာ လက်နက်စွန့်ပြီး ဥပဒေဘောင်ထဲ ဝင်ခဲ့ပါတယ်။ ရွေးကောက်ပွဲတွေနိုင်ပြီး လွှတ်တော်အမတ်တွေလည်း ဖြစ်လာခဲ့တယ်။
ဒါပေမဲ့ တကယ်တမ်းကျတော့ အစိုးရမှာ ပြည်နယ်အသစ်ပေးဖို့ မူဝါဒ မရှိခဲ့ပါဘူး။
ဦးနုဟာ မွန်ပြည်နယ် မပေးရရေးအတွက် အချိန်ဆွဲနေခဲ့တုန်းမှာပဲ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းလိုက်တာကြောင့် မွန်တော်လှန်ရေးသမားတွေအတွက် “လက်နက်ချခြင်းရဲ့ သင်ခန်းစာ” တစ်ခုပဲ အဖတ်တင်ကျန်ခဲ့ရပါတယ်။
ဒီသမိုင်းကိုကြည့်ရင် အစိုးရတွေဘက်က “လွှတ်တော်ထဲဝင်ပါ” ဆိုတဲ့စကားဟာ တကယ်တမ်း ပြဿနာကို ဖြေရှင်းပေးဖို့ထက်၊ လက်နက်ကိုင်အဖွဲ့တွေကို ဥပဒေဘောင်ထဲဆွဲသွင်းပြီး သူတို့ရဲ့ အဓိကအင်အားဖြစ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို စွန့်လွှတ်အောင်လုပ်တဲ့ နိုင်ငံရေးနည်းဗျူဟာတစ်ခုလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
၁၉၅၈ ခုနှစ်က မော်လမြိုင်မှာလုပ်တဲ့ မွန်ညီလာခံမှာ ဝန်ကြီးချုပ်ဦးနု ပြောခဲ့တဲ့ မိန့်ခွန်းကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။
သူက “ပြည်နယ်ဆိုတာ မကောင်းဘူး၊ အိမ်ကြီးတစ်လုံးကို ပိုင်နေရဲ့သားနဲ့ နောက်ဖေးမီးဖိုချောင်လေးကို ခွဲတောင်းတာနဲ့ တူတယ်” လို့ ပြောခဲ့ပါတယ်။
ရှမ်း၊ ကချင်၊ ကရင်၊ ကယားတို့ကို ပြည်နယ်ပေးခဲ့ရတာဟာလည်း လွတ်လပ်ရေးမရခင်က အဲဒီခေါင်းဆောင်တွေက ပြည်မနဲ့မပေါင်းဘူးလို့ အကျပ်ကိုင်ခဲ့လို့ ပေးလိုက်ရတာဖြစ်ပြီး ပြည်နယ်ဆိုတာ အဓိပ္ပာယ်မရှိဘူးလို့တောင် သူက ဆိုခဲ့ပါတယ်။
ဒီအချက်က ဗဟိုအစိုးရရဲ့ ပြည်နယ်တွေအပေါ်ထားတဲ့ အတွင်းစိတ်သဘောထားကို ဖော်ပြနေပါတယ်။
ဒီလိုသဘောထားမျိုးဟာ ယနေ့ခေတ်အထိ ဆက်ရှိနေတုန်းပဲလားဆိုတာ စဉ်းစားစရာပါ။
‘ဝ’ တပ်ဖွဲ့ (UWSA) ဟာ ၁၉၈၉ မှာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး အစိုးရနဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ အဖွဲ့ပါ။ လက်ရှိမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအတောင့်တင်းဆုံးဖြစ်ပြီး သူတို့ထိန်းချုပ်ထားတဲ့ ‘ဝ’ အထူးဒေသ (၂) ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်တပ်မတော်နဲ့အတူ တိုင်းရင်းသားဒေသတွေထဲမှာ အဖွံ့ဖြိုးဆုံး ဒေသတစ်ခုအဖြစ် ရပ်တည်နေပါတယ်။
သူတို့ရဲ့ အဓိကလိုလားချက်က ဒီဒေသကို တရားဝင် “ဝ ပြည်နယ်” အဖြစ် အသိအမှတ်ပြုရေးပါပဲ။ ဒီအတွက် လက်ရှိစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပေမယ့် သဘောတူညီချက် မရခဲ့ပါဘူး။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ရဲ့အပြောအရ ‘ဝ’ ကိုယ်စားလှယ်တွေက အခြေအနေကို သဘောပေါက်ပေမယ့် သူတို့ခေါင်းဆောင်က လက်မခံခဲ့လို့ ဆွေးနွေးပွဲတွေ ရပ်တန့်သွားတယ်လို့ ဆိုပါတယ်။

ဒီအချက်က ဘာကိုပြနေလဲဆိုတော့ ‘ဝ’ ခေါင်းဆောင်ပိုင်းဟာ သူတို့ရဲ့ လက်ရှိအင်အားနဲ့ လက်တွေ့အုပ်ချုပ်ခွင့်ရထားတဲ့ အခြေအနေကို အဆုံးရှုံးခံပြီး မရေရာတဲ့ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းပေါ် တက်လှမ်းဖို့ လုံးဝဆန္ဒမရှိဘူးဆိုတာကို ပြနေပါတယ်။
ချုပ်ပြီးပြောရရင် “လွှတ်တော်ထဲဝင်ပြီး ပြည်နယ်တောင်းပါ” ဆိုတဲ့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ဟာ ‘ဝ’ တို့အတွက်တော့ သမိုင်းသင်ခန်းစာအရ ယုံကြည်ဖို့ခက်တဲ့ လမ်းတစ်ခု ဖြစ်နေပါတယ်။
မွန်တို့ရဲ့ အတွေ့အကြုံအရ လက်နက်ကိုစွန့်ပြီး နိုင်ငံရေးစားပွဲဝိုင်းပေါ်ရောက်သွားတဲ့အခါ အလွယ်တကူ အချိန်ဆွဲခံရနိုင်တာ၊ ကတိတွေ ပျက်ပြယ်သွားနိုင်တာကို သူတို့ နားလည်ထားမှာ သေချာပါတယ်။
UWSA ဟာ လက်ရှိမှာ စစ်ကောင်စီနဲ့ ဆက်ဆံရေးမပြတ်သလို၊ NCA အခမ်းအနားတွေကိုလည်း တက်ရောက်လေ့လာသူအဖြစ် ပါဝင်နေတာက သူတို့ရဲ့ နိုင်ငံရေး ပါးနပ်မှုကို ပြပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ အဓိကအင်အားဖြစ်တဲ့ တပ်မတော်နဲ့ နယ်မြေကို အာမခံချက်မရှိဘဲ စွန့်လွှတ်ပြီး လွှတ်တော်ထဲဝင်ဖို့ဆိုတာကတော့ ဖြစ်နိုင်ခြေ အလွန်နည်းတဲ့ ကိစ္စတစ်ခုပါပဲ။
ဒါကြောင့် ‘ဝ’ ပြည်နယ်ကို လွှတ်တော်က ပေးမှာလားဆိုတဲ့မေးခွန်းထက်၊ ‘ဝ’ တွေကရော ဒီသမိုင်းရဲ့ထောင်ချောက်ဟောင်းထဲကို ဝင်ဖို့ ဆုံးဖြတ်မှာလား ဆိုတဲ့မေးခွန်းက ပိုပြီး အဓိပ္ပာယ်ရှိနေမလားပဲ ဖြစ်ပါတယ်။




































