ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ ထောင်ဖာဖွန်မြို့နယ်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၆၂ ဦးကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးနှင့် လုံခြုံရေး ပူးပေါင်းတပ်ဖွဲ့များက ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးမှုကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၉:၃၀ နာရီအချိန်တွင် ထောင်ဖာဖွန်မြို့နယ်၊ ထာ့ခနွန်(ရပ်ကွက်)၊ အမှတ် (၅) ဘန်ဟင်လမ်ကျေးရွာအနီးရှိ တောအုပ်ထဲတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ကန်ချနပူရီပြည်နယ် အုပ်ချုပ်ရေးမှူး၊ ဒုတိယအုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၏ လမ်းညွှန်မှုဖြင့် ထောင်ဖာဖွန်မြို့နယ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထူးစစ်ဆင်ရေးအဖွဲ့နှင့် နယ်မြေကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးရမိသူ စုစုပေါင်း ၁၆၂ ဦးတွင် အမျိုးသား ၉၂ ဦး၊ အမျိုးသမီး ၅၇ ဦး၊ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား အမျိုးသားလူငယ် ၈ ဦးနှင့် အမျိုးသမီးလူငယ် ၃ ဦးတို့ ပါဝင်သည်။
ဤဖမ်းဆီးမှုသည် အမှတ် (၅) ကျေးရွာလူကြီးထံမှ “ကျေးရွာအနီး တောထဲတွင် တရားမဝင် ဝင်ရောက်လာသူ အများအပြား ပုန်းအောင်းနေကြောင်း” သတင်းပေးပို့မှု ရရှိပြီးနောက် ပူးပေါင်းအဖွဲ့က ချက်ချင်းသွားရောက်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ တွေ့ရှိချိန်တွင် ၎င်းတို့အားလုံးမှာ မောပန်းနွမ်းနယ်နေသည့် အခြေအနေတွင် ရှိနေခဲ့သည်။
စကားပြန်မှတစ်ဆင့် ကနဦးစစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် အလုပ်အကိုင် ရှာဖွေရန်အတွက် ထိုင်းနိုင်ငံ အတွင်းပိုင်းပြည်နယ်များဖြစ်သည့် စမွတ်စာခွန်၊ ဘန်ကောက်၊ ချွန်ဘူရီနှင့် မလေးရှားနိုင်ငံအထိ သွားရောက်ရန် ရည်ရွယ်ထားကြောင်း ဝန်ခံခဲ့ကြသည်။
၎င်းတို့သည် စံခလပူရီမြို့နယ်မှ ကားဖြင့် စတင်ထွက်ခွာလာပြီး ထောင်ဖာဖွန်မြို့နယ်သို့ လှေဖြင့် ခရီးဆက်ခဲ့ကြသည်။
ထို့နောက် ကန်ချနပူရီမြို့နယ်ရှိ ချိန်းဆိုထားသော နေရာသို့ သွားရန် ကားတစ်စီးက လာရောက်ခေါ်ဆောင်မည်ဖြစ်ပြီး ထိုနေရာမှတစ်ဆင့် အခြားကားများဖြင့် သက်ဆိုင်ရာ ပြည်နယ်များသို့ ဆက်လက်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဤခရီးစဉ်အတွက် ပွဲစားထံသို့ တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၂၀,၀၀၀ မှ ၂၄,၀၀၀ အထိ ပေးချေရကြောင်း ထွက်ဆိုခဲ့ကြသည်။
အာဏာပိုင်များက ဖမ်းဆီးရမိသူအားလုံးကို ထောင်ဖာဖွန်မြို့မရဲစခန်းသို့ လွှဲပြောင်းပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Crd-သတင်းနှင့် ဓာတ်ပုံ – ထောင်ဖာဖွန်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး
สำนักข่าวกาญจน์ – Kanchanaburi News










































