ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသည် အရှေ့တောင်အာရှဒေသတစ်ဝှမ်းတွင် လှုပ်ရှားနေသော အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ပစ်မှတ်ထားအရေးယူမည့် အမေရိကန်ပြည်ထောင်စု၏ မကြာသေးမီက ကြေညာချက်ကို ကြိုဆိုဂုဏ်ပြုကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
ယနေ့ အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ အောက်တိုဘာလ ၁၄ ရက်နေ့က ကြေညာခဲ့သော အမေရိကန်၏ အရေးယူဆောင်ရွက်မှုများသည် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ထိုင်းနိုင်ငံ၏ လက်ရှိကြိုးပမ်းဆောင်ရွက်မှုများနှင့် “အပြည့်အဝ ကိုက်ညီကြောင်း” ဝန်ကြီးဌာနက အလေးပေးဖော်ပြခဲ့သည်။
ဤငွေလိမ်ဂိုဏ်းများနှင့် အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်ရာတွင် အခြားနိုင်ငံများနှင့် သက်ဆိုင်သူများ၏ နီးကပ်သော ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ဝန်ကြီးဌာနက အလေးထား ပြောကြားခဲ့သည်။
ထိုရာဇဝတ်မှုများသည် ဒေသတွင်းနှင့် ဒေသပြင်ပရှိ ပြည်သူများကို ထိခိုက်စေရုံသာမက လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှု၊ ငွေကြေးခဝါချမှု အပါအဝင် အခြားသော ပြင်းထန်သည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့်လည်း မကြာခဏ ဆက်စပ်နေကြောင်း မှတ်ချက်ပြုခဲ့သည်။
“ထိုင်းနိုင်ငံအနေနဲ့ အွန်လိုင်းငွေလိမ်မှုတွေနဲ့ ငွေလိမ်ဂိုဏ်းတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ခိုင်မာတဲ့ သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ဘန်ကောက်အစိုးရသည် ၎င်း၏ ကာလရှည်လုံခြုံရေးမိတ်ဖက်ဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်သွားရန်၊ အခြားမိတ်ဖက်နိုင်ငံများနှင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ဤပြင်းထန်သော ရာဇဝတ်မှုခြိမ်းခြောက်မှုကို လျင်မြန်ထိရောက်စွာ ဖြေရှင်းသွားရန် ကတိပြုခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက် ဘလန်ကူရာက အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းမည့် အမေရိကန်၏ ကြေညာချက်အား ဝန်ကြီးဌာနက ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ပြီးနောက် အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
ကြာသပတေးနေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နီကွန်ဒက်က အရှေ့တောင်အာရှရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်မည့် အမေရိကန်၏ အစီအမံများသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို နှိမ်နင်းရန်နှင့် ပြစ်မှုကျူးလွန်သူများကို အရေးယူနိုင်ရန် နိုင်ငံအသီးသီး၊ ကဏ္ဍအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်းမှုများနှင့် ကိုက်ညီကြောင်း ပြောကြားခဲ့သည်။
အထူးသဖြင့် အွန်လိုင်းငွေလိမ်မှုများနှင့် ငွေလိမ်ဂိုဏ်းများသည် ဒေသတွင်းနှင့် ဒေသပြင်ပရှိ ပြည်သူများကို ထိခိုက်စေပြီး လူကုန်ကူးမှု၊ အဓမ္မစေခိုင်းမှု၊ ငွေကြေးခဝါချမှု အပါအဝင် အခြားသော ပြင်းထန်သည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။
ထိုင်းနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်အစပိုင်းကတည်းက အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေခဲ့ကြောင်း နီကွန်ဒက်က အလေးပေးပြောကြားခဲ့သည်။
၎င်းက ဤပြဿနာသည် ထိုင်းနှင့် သီးခြားနိုင်ငံတစ်နိုင်ငံတည်း၏ ပြဿနာမဟုတ်ဘဲ ဒေသတွင်း၊ ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနှင့် အမေရိကန် လုံခြုံရေးအေဂျင်စီများအကြား လျှို့ဝှက်သတင်းအချက်အလက်များ ဖလှယ်မှုရှိခဲ့ကြောင်း ၎င်းက အတည်ပြုခဲ့သည်။
အလားတူ၊ တောင်ကိုရီးယားနိုင်ငံက ကမ္ဘောဒီးယားရှိ ၎င်းတို့နိုင်ငံသားများကို ကူညီရန် အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ စေလွှတ်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို နှိမ်နင်းရန် စတင်ဆောင်ရွက်မှုနှင့် ပတ်သက်၍လည်း ဤပြဿနာကို ပထမဆုံး စတင်ပြောဆိုခဲ့သူမှာ ထိုင်းနိုင်ငံဖြစ်ကြောင်း နီကွန်ဒက်က ပြောကြားခဲ့သည်။
Call Center ဂိုဏ်းများနှင့် လူကုန်ကူးမှု အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ဖြေရှင်းရန် ထိုင်းနိုင်ငံက အလေးအနက်ထားဆောင်ရွက်နေပြီး ၎င်းတို့၏ ကြိုးပမ်းမှုကြောင့် ဤပြဿနာကို နိုင်ငံတကာအသိုင်းအဝိုင်းက သတိပြုမိလာစေခဲ့ကြောင်း ၎င်းက အခိုင်အမာ ပြောကြားခဲ့သည်။
Crd-The Nation




































