ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်အုပ်ချုပ်ရေးမှူး Athissorn Intharat သည် ပြည်နယ်အုပ်ချုပ်ရေးမှူးသက်တမ်း တစ်နှစ်ပင်မပြည့်သေးမီ ပြည်ထဲရေးဝန်ကြီးဌာန၊ စစ်ဆေးရေးမှူးရာထူးသို့ ပြောင်းရွှေ့ခန့်အပ်ခြင်းခံခဲ့ရသည်။
တစ်နှစ်မပြည့်မီ ကာလအတွင်း Athissorn Intharat သည် မူးယစ်ဆေးဝါးမှုပေါင်း ၃,၅၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ ၃,၇၀၀ ကျော်ကို ဖမ်းမိခဲ့သည်။
မူးယစ်ဆေးဝါးကွန်ရက်များထံမှ ဘတ်ငွေ သန်း ၆၀၀ ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများမှာ ယာဘားဆေးပြား ၉၀၀,၀၀၀ နီးပါး၊ အိုက်စ် ၃၀၀ ကီလိုကျော်၊ ဟီးရိုးအင်း ၃၀ ကီလိုကျော်နှင့် ကက်တာမင်း အများအပြားတို့ ပါဝင်သည်။
ဤပြောင်းရွှေ့မှုသည် ပြည်နယ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးတွင် ထူးခြားအောင်မြင်မှုများ ရရှိခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ဒေသခံပြည်သူများ၏ မကျေမနပ်ဖြစ်မှုနှင့် ဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ပြည်သူများက နိုင်ငံရေးသမားများ၏ အာဏာအလွဲသုံးစားလုပ်မှုကိုလည်း ကန့်ကွက်လျက်ရှိသည်။
အုပ်ချုပ်ရေးမှူး Athissorn Intharat ၏ အထင်ရှားဆုံး လုပ်ဆောင်ချက်မှာ ကန်ချနပူရီပြည်နယ်၏ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော မူးယစ်ဆေးဝါးပြဿနာကို နှိမ်နင်းရာတွင် ဦးဆောင်မှုပေးခဲ့ခြင်းဖြစ်သည်။
၎င်း၏ “မူးယစ်ဆေးမရှိစေရ၊ ရောင်းသူမရှိစေရ” (No Drugs No Dealers) နှင့် “ပိတ်ဆို့၊ ရပ်တန့်၊ လုံခြုံစေ” (Seal Stop Safe) မူဝါဒများအောက်တွင် သက်ဆိုင်ရာဌာနအားလုံး ပူးပေါင်း၍ အလေးအနက်ထား လုပ်ဆောင်ခဲ့ကြသည်။
Athissorn Intharat သည် ယမန်နှစ် နှောင်းပိုင်းတွင် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးမှ ကန်ချနပူရီပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် စတင်တာဝန်ယူခဲ့သူ
ဖြစ်သည်။







































