ထိုင်းအစိုးရက လူသစ် ပန်းရောင်ကတ် လျှောက်ထားတဲ့ အလုပ်သမားတွေကို ကုန်ကျစရိတ်ငွေသွင်းပြီးပါက ငွေချေပြေစာနဲ့ ယာယီအလုပ်လုပ်ခွင့်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး စတီနွတ် ထီယန်ထောင်က အောက်တိုဘာ ၁၀ ရက်နေ့မှာ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ လာအိုနိုင်ငံက အလုပ်သမားတွေကို အောက်တိုဘာ ၁၅ ရက်မှ ၂၉ ရက်အထိ ပန်းရောင်ကတ်ပြုလုပ်ပေးပြီး (၁) နှစ်အထိ အလုပ်လုပ်ခွင့်ပေးမယ့် အစီအစဉ်ရှိတယ်လို့လည်း ဆိုပါတယ်။
အလုပ်သမားတွေအနေနဲ့ ယခင်လို ပန်းရောင်ကတ်စောင့်စရာမလိုဘဲ မှတ်ပုံတင်ကြေး၊ ကျန်းမာရေးအာမခံကြေး စတဲ့ ကုန်ကျစရိတ်တွေ သွင်းပြီးဖြစ်တဲ့ ငွေချေပြေစာနဲ့ တိုက်ရိုက်အလုပ်လုပ်ခွင့်ရမယ်လို့ သိရပါတယ်။
ဒါပေမဲ့ ပန်းရောင်ကတ်လုပ်ငန်းစဉ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ပြီးအောင် လုပ်ဖို့လိုမယ်။ ကုန်ကျစရိတ်ကလည်း ကျန်းမာရေးအာမခံဝယ်ယူမှုအပေါ် မူတည်ပြီး ဘတ် (၂,၉၀၀) မှ (၃,၈၀၀) အထိ ကြားတွင်ရှိမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြန်ကြားထားပါတယ်။




































