ထိုင်း-မြန်မာနယ်စပ် တနသႅာရီတိုင်း ထားဝယ်ခရိုင် ထီးခီးမှာ မြန်မာစစ်တပ်က K-8 ဂျက်လေယာဉ်နဲ့ ဒီမနက်မှာ ဗုံး ၉ လုံး ထပ်ကြဲခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုလိုက်ပါတယ်။
ဒီကိစ္စကြောင့် မြန်မာဒုက္ခသည် ၄၀၀ လောက်ကတော့ ထိုင်းနယ်စပ်တစ်လျှောက်မှာပဲ ဆက်ပြီး ခိုလှုံနေရပါသေးတယ်။
ဖြစ်စဉ်ကတော့ အောက်တိုဘာ ၁၀ ရက် မနက် ၈:၁၅ နာရီလောက်မှာ K-8 တိုက်လေယာဉ်တစ်စီးကနေ ဗုံး ၃ စုံ (စုစုပေါင်း ၉ လုံး) နဲ့ စက်သေနတ်တွေနဲ့ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ထဲက ထီးခီးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ ဒီနေရာက KNLA တပ်မဟာ ၄ ရဲ့ ဌာနချုပ်လို့ ယူဆရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ မြန်မာ၊ ကရင်နဲ့ မွန်ဒုက္ခသည် ၃၀၀ ကနေ ၄၀၀ လောက်ဟာ ကန်ချနပူရီမြို့နယ်၊ ဖူးနမ်ရွန်ရွာနဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်း နယ်စပ်တစ်လျှောက်မှာပဲ ဆက်ရှိနေတုန်းပါပဲ။
သူတို့တွေက မြန်မာစစ်တပ်ရဲ့ နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုတွေကို ကြောက်ရွံ့နေကြလို့ နယ်စပ်ကနေ အခြေအနေမတည်ငြိမ်မချင်း မပြန်ကြသေးဘူးလို့ ဆိုပါတယ်။
ထိုင်းအမှတ် ၉ တပ်မက စစ်ဘက်အရာရှိတွေ၊ အုပ်ချုပ်ရေးအရာရှိတွေနဲ့ ရဲတွေကတော့ နယ်စပ်အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြဆဲပါ။
ကံကောင်းစွာနဲ့ပဲ အခုနောက်ဆုံးတိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးတာ ဒါမှမဟုတ် ထိခိုက်သေဆုံးတာတွေ မရှိသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်က နယ်စပ်ဖြတ်ကျော်ဖို့ လုပ်နေတုန်း ပိတ်မိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအားလုံးလည်း ထိုင်းမြေပေါ်မှာ နေထိုင်ခွင့်မရသေးဘဲ ပိတ်မိနေတုန်းပါပဲ။
ဒီလိုအခြေအနေမျိုးမှာ ဘန်ဖူးနမ်ရွန်ကျေးရွာက ရွာသူကြီးနဲ့ ဒေသခံတွေ၊ တခြားအဖွဲ့အစည်းတွေက ရွှေ့ပြောင်းဒုက္ခသည်တွေအတွက် အစားအသောက်တွေ ပြင်ဆင်ကူညီပေးနေကြပါတယ်။
အရေးကြီးတာက ဒုက္ခသည်တွေဟာ ထိုင်းနယ်မြေကို ကျူးကျော်ဝင်ရောက်ခြင်းမရှိဘဲ လုံခြုံရေးအေဂျင်စီအားလုံးကလည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
လုံခြုံရေးအဖွဲ့အစည်းတွေကလည်း ဒုက္ခသည်တွေအားလုံး ထိုင်းနိုင်ငံထဲကို ဝင်ရောက်ခြင်းမရှိဘဲ မြန်မာဘက်ခြမ်း နယ်စပ်တစ်လျှောက်မှာပဲ နေထိုင်နေကြတယ်လို့ အတည်ပြုခဲ့ပါတယ်။ ဖူနမ်ရွန်းဒေသခံတွေကလည်း သူတို့အိမ်နီးချင်းတွေကို လူသားချင်းစာနာမှုနဲ့အညီ အစားအသောက်တွေ ချက်ပြုတ်ကူညီပေးခဲ့ကြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်ရဲ့ သတင်းထုတ်ပြန်ချက်အရဆိုရင် စစ်ကောင်စီတပ်က အောက်တိုဘာ ၈ ရက် မနက် ၉ နာရီနဲ့ နေ့လည် ၂ နာရီလောက်မှာ ထီးခီးကျေးရွာကို တိုက်ပွဲမရှိဘဲ Y-12 လေယာဉ်နဲ့ ဗုံး ၄၀ ကျော် ဆက်တိုက်ကြဲချခဲ့တာပါ။
ဒီဗုံးကြဲမှုကြောင့် နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ကားနဲ့ အဆောက်အအုံတချို့လည်း ပျက်စီးခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
Crd- ကန်ချနပူရီဒေသဆိုင်ရာသတင်းအဖွဲ့
`






























































