အခုလို မိုးနှောင်းကာလမှာ နေလှမ်းဆားလက်ကျန် လုံးဝမရှိတော့တဲ့အတွက် ဆားတစ်ပိဿာကို ကျပ် ၁,၀၀၀ အထိ စံချိန်တင် ဈေးတက်သွားတယ်လို့ သံဖြူဇရပ်မြို့နယ်က ဆားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ပငကျေးရွာက ဆားတောင်သူတစ်ဦးက “ဆားတစ်ပိဿာကို ၁,၀၀၀ ကျပ်ဖြစ်တာ တစ်သက်နဲ့တစ်ကိုယ် မကြားဖူးဘူး၊ မကြုံဖူးဘူး။ အခုလက်ရှိ ဆားဈေးက အဲ့ဒီလိုဖြစ်နေတာ။ ဒါပေမယ့် ဘယ်ဆားတောင်သူမှာမှ ဆားကျန်မရှိဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းလောက်ကတည်းက မိုးတွေဆက်တိုက်ရွာခဲ့လို့ ဆားရာသီမကုန်ခင် ဆားကွင်းတွေကို စောစောစီးစီး ပိတ်ခဲ့ရတယ်လို့ အဲဒီတောင်သူကပဲ ပြောပါတယ်။ အခု အောက်တိုဘာလ ပထမအပတ်မှာလည်း မိုးရွာနေဆဲမို့ ဆားကြမ်းထုတ်လုပ်လို့ မရသေးဘူးလို့ ဆိုပါတယ်။
အရင်နှစ်တွေဆိုရင် ရာသီဥတုသာယာတဲ့အခါ သီတင်းကျွတ်မတိုင်ခင် ဆားကွင်းပြင်တာတွေလုပ်ပြီး နေလှမ်းဆားထုတ်လုပ်ရေး စတင်နေကြပါပြီ။ ဒါပေမယ့် ဒီနှစ်မှာတော့ မိုးမပြတ်သေးတာကြောင့် နေလှမ်းဆားလုပ်ငန်းတွေ မစနိုင်သေးဘူးလို့ တောင်သူတွေက ပြောပါတယ်။
ကရုပ္ပိကျေးရွာက ဆားတောင်သူတစ်ဦးက “ရာသီဥတုက အရင်နှစ်တွေလိုပဲ ဆိုပြီး တော်သလင်းလလောက်မှာ ဆားကွင်းတွေပြင်ကြတယ်။ ဒါပေမယ့် မိုးက တော်သလင်းရော၊ သီတင်းကျွတ်မှာပါ ဆက်တိုက်ကို ရွာနေတော့ ပြင်ထားတဲ့ကွင်းတွေလည်း ပျက်ကုန်လို့ ပြန်ပြင်နေရတယ်” လို့ ရှင်းပြပါတယ်။
မွန်ပြည်နယ်မှာ နေလှမ်းဆားကြမ်းဈေးနှုန်းက အရင်က အများဆုံး တစ်ပိဿာ ၃၈၀ ကျပ်ကနေ ၄၀၀ ကျပ်အထိပဲ ရှိခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒီနှစ်ဧပြီလ သင်္ကြန်ကာလအပြီးမှာတော့ နေလှမ်းဆားတစ်ပိဿာ ၅၀၀ ကျပ်အထိ ဈေးတက်ခဲ့တယ်လို့ သံဖြူဇရပ်မြို့နယ်က ဆားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
နေလှမ်းဆားကို မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ထဲက ပငကျေးရွာအပြင် ကျိုက္ခမီ၊ စက်စဲ နဲ့ ဝဲကလောင်းကျေးရွာတွေမှာလည်း လုပ်ကြပါတယ်။
ဒါ့အပြင် ရေးမြို့နယ်နဲ့ ပေါင်မြို့နယ်တွေမှာလည်း နေလှမ်းဆားလုပ်ငန်းတွေ ရှိပါတယ်။






































