မကြာသေးခင်က ရန်ကုန်မှာ ကျပ်ငွေ ဘီလီယံ ၁၉၅ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီဆေးတွေဟာ ရခိုင်ပြည်နယ်နဲ့ မလေးရှားကို ပို့ဖို့ ရည်ရွယ်ထားတာပါ။
အောက်တိုဘာ ၈ ရက်နေ့က ရန်ကုန်မှာ အိုက်စ် (မက်သမ်ဖက်တမင်း) ၃,၄၃၈ ကီလိုဂရမ် နဲ့ ကက်တမင်း ၂,၁၉၈ ကီလိုဂရမ် ကို ဖမ်းဆီးရမိခဲ့တာပါ။
ရှမ်းပြည်နယ်ကနေလာတဲ့ ဒီမူးယစ်ဆေးဝါးတွေကို ရန်ကုန်ကနေတစ်ဆင့် ရခိုင်ပြည်နယ်နဲ့ မလေးရှားကို ပို့မယ်ဆိုတဲ့ သတင်းရလို့ လုံခြုံရေးအဖွဲ့တွေက စက်တင်ဘာ ၂၄ ရက်နေ့မှာ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းမပေါ်မှာ NISSAN CONDOR ကားတစ်စီးကို တားဆီးစစ်ဆေးခဲ့ပါတယ်။ အဲဒီကားကို အောင်ခန့်ကျော်က မောင်းပြီး ထက်ဝေဖြိုးက လိုက်ပါလာတာဖြစ်ပါတယ်။ ကားထဲကနေ အိုက်စ် ၁,၄၃၉ ကီလိုဂရမ်ကို ဖမ်းမိခဲ့ပါတယ်။
စစ်ဆေးမှုတွေလုပ်ပြီးနောက်မှာ ဒီအမှုမှာ ပါဝင်ပတ်သက်သူတွေဖြစ်တဲ့ ဇော်ဝင်းထွန်း၊ ဆန်းထွန်းကျော်၊ ဇော်လင်း၊ စောဇင်မင်းဟန်၊ ကျော်နိုင်၊ သက်ပိုင်ဦး၊ ရဲကို၊ ဟိန်းထက်စိုး၊ ထက်နေလင်း၊ ဇင်မင်းလှိုင်၊ ဝေဖြိုးအောင်၊ စိုးမင်းပိုင်၊ ခင်မောင်တွတ်နဲ့ တင့်နိုင်ထွန်းတို့ကိုလည်း ထပ်ပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ မူးယစ်ဆေးဝါးတွေကို ရခိုင်ပြည်နယ်နဲ့ မလေးရှားကို ပို့ဆောင်ရာမှာ ပါဝင်သူ စုစုပေါင်း ၁၆ ဦးကို ကား ၄ စီး၊ ကျပ်ငွေ ၁၉၅.၈၅ ဘီလီယံတန်ဖိုးရှိတဲ့ အိုက်စ် ၃,၄၃၈ ကီလိုဂရမ် နဲ့ ကက်တမင်း ၂,၁၉၈ ကီလိုဂရမ်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။
အခုဖမ်းဆီးရမိထားသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေနဲ့အညီ အမှုဖွင့်ထားပြီး ကျန်ရှိနေသေးတဲ့ တရားခံတွေကိုလည်း ဖမ်းဆီးနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံက မူးယစ်ဆေးဝါးတွေဟာ လက်နက်ကိုင်အဖွဲ့တွေအတွက် ပိုက်ဆံရှာတဲ့နည်းလမ်းတစ်ခုဖြစ်ပြီး သူတို့ရဲ့ လက်နက်ဝယ်ယူမှုနဲ့ တိုက်ပွဲတွေနဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။








































