မြန်မာ – PSLF/TNLA ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့ကို အောက်တိုဘာ ၈ ရက်၊ နံနက် ၁၁ နာရီခန့်တွင် မြန်မာစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဖီမြေသတင်းက ဖော်ပြသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၈ လုံးထက်မနည်း ပျက်စီးသွားကြောင်း သိရသည်။
“ရဲစခန်းအကျော် တာလုံရပ်ကွက်ထဲကို ကျတာ။ ပေါင် ၂၅၀ ဗုံး ၂ လုံး ပစ်ပြီးတော့ ရော့ကက်ဒုံး ၄ လုံးလောက် ထပ်ပစ်သွားတယ်။ သေဆုံးတာက လင်မယားတွေပါ။ သူတို့တွေကတော့ တစ်စစီ ဖြစ်ကုန်ပြီ” ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာစစ်တပ်သည် အောက်တိုဘာ ၇ ရက်နေ့ကလည်း မိုင်းလုံမြို့နယ်အတွင်းရှိ မယ်ဟုန်းရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်များ အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။
ထို့အပြင် ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ဆန်နှင့် မန်တုံမြို့များကိုလည်း ရက်ခြား ဗုံးကြဲတိုက်ခိုက်နေပြီး ယင်းတိုက်ခိုက်မှုများကြောင့် လူအများအပြား သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
သတင်းများအရ မြန်မာစစ်တပ်သည် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မြေပြင်နှင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန် မြှင့်တင်ရန် JOC (Joint Operations Command) အထူးအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြသည်။
ယခု အောက်တိုဘာလဆန်းပိုင်းက ကျင်းပသော အဆိုပါ အစည်းအဝေးဆုံးဖြတ်ချက်အရ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ထက် နှစ်ဆ တိုးမြှင့်သွားမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲမတိုင်မီ လက်လွတ်ဆုံးရှုံးထားသည့် နယ်မြေများကို မြန်ဆန်စွာ ပြန်လည်သိမ်းယူနိုင်ရန် စစ်ဆင်ရေး အစီအစဉ်များ ရေးဆွဲနေသည်ဟုလည်း သိရသည်။
Credit: ရွှေဖီမြေ သတင်းအေဂျင်စီ
ဓာတ်ပုံ- CJ







































