စစ်ကိုင်းတိုင်း မုံရွာနဲ့ ချောင်းဦးကြားက ဘုံတိုကျေးရွာမှာ ဆီမီးထွန်းပွဲလုပ်နေတုန်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ လူ ၂၂ ယောက် သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ PDF ၄ ယောက်နဲ့ သပိတ်ခေါင်းဆောင် ၄ ယောက်လည်း ပါဝင်တယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တွေကနေ သိရပါတယ်။
သီတင်းကျွတ်ဆီမီးသပိတ်ကို ချောင်းဦးမြို့နယ်၊ ဘုံတိုရွာ မူလတန်းကျောင်းမှာ ပြုလုပ်ခဲ့ပြီး လှုပ်ရှားမှုပြီးခါနီး သပိတ်တရားဟောနေချိန်မှာ စက်တပ်လေထီးက ဗုံးကြဲချခဲ့တာလို့ မျက်မြင်ဖြစ်တဲ့ ချောင်းဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“နမခ ကနေ တောင်ဘက်ကို တက်လာတယ်လို့သတင်းရတာနဲ့ ပုံမှန် ဆိုရင် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်ပဲကြာပေမဲ့ အခုကအတော်မြန်ပါတယ်။ ၇ မိနစ်အတွင်း ရောက်လာပြီး ဗုံးကြဲသွားတာပါ” လို့ ချောင်းဦးပကဖ တာဝန်ရှိသူက ပြောပါတယ်။
အောက်တိုဘာ ၆ ရက် ည ၇ နာရီလောက်က စစ်တပ်ဟာ ညောင်ပင်သာအုပ်စု၊ ဘုံတိုကျေးရွာက ဆီမီးထွန်းပွဲကို လေယာဉ်နဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။ သေဆုံးသူ ၂၂ ယောက်ထဲမှာ PDF ၆ ယောက်နဲ့ မြေပြင်သပိတ်ခေါင်းဆောင် ၄ ယောက် ပါဝင်တယ်လို့လည်း သိရပါတယ်။
ချောင်းဦးဆရာတော်ကတော့ “အခု နောက်ဆုံးစာရင်းအရ ချောင်းဦးနယ်က ၁၁ ဦး၊ မုံရွာနယ်က ၁၁ ဦး၊ စုစုပေါင်း ၂၂ ဦး ကျဆုံးခဲ့ပါတယ်။ ချောင်းဦး PDF က ၄ ဦး၊ မုံရွာ-အမြင့်လမ်း သပိတ်ခေါင်းဆောင် ၂ ဦး၊ CDM ကျောင်းဆရာ ၁ ဦးလည်း ကျဆုံးခဲ့ပါတယ်။ မိသားစုတစ်ခုတည်းက ၄ ဦး သေဆုံးတာလည်း ပါသလို၊ ၂ နှစ်သမီးလေးရယ်၊ ၁၈ နှစ်အောက် ကျောင်းသားလေးတွေလည်း ပါသွားပါတယ်” လို့ မိန့်ပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ သပိတ်ခေါင်းဆောင်တွေထဲမှာ ရဲဘော် ချမ်းငြိမ်းအောင်၊ ရဲဘော် ညီညီဇော်၊ ရဲဘော် ကံမြင့်လွင်နဲ့ ကျောင်းဆရာ ဇော်လင်းနိုင်တို့ ပါဝင်တယ်လို့ သိရပါတယ်။ ရဲဘော် ချမ်းငြိမ်းအောင်နဲ့ ရဲဘော် ညီညီဇော်တို့ဟာ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုနဲ့ လူထုတိုက်ပွဲမြှင့်တင်ရေး ကော်မတီဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးဟာ နွေဦးတော်လှန်ရေးကာလတစ်လျှောက်လုံး မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီနဲ့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ဖြစ်ပြီး ပြည်သူလူထုအကျိုးအတွက် အကြမ်းမဖက် လူထုလှုပ်ရှားမှုတွေကို အမြဲတမ်း လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ရဲဘော်တွေ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထုတ်ပြန်ထားပါတယ်။






































