မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရမှုကြောင့် စစ်သားတစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၄) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်ခန့်က ကမာဝက်မြို့၊ မုဒုံ-သံဖြူဇရပ် ကားလမ်းဘေးရှိ မြို့မအုပ်ချုပ်ရေးမှူးရုံးအား ဆိုင်ကယ်တစ်စီးဖြင့် သေနတ်သမား နှစ်ဦးရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးရုံးအစောင့် စစ်သားတစ်ဦးနှင့် အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အရပ်သားကလည်း အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူလို့ သိရပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်အထိ ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး Mission ဖော်ဆောင်ခဲ့သည့် မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကမျှ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၆) ရက်နေ့ ညပိုင်းကလည်း ကမာဝက်မြို့ရှိ ကျိုက်ဇယ်ဘုရားရှေ့တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ဇနီးမောင်နှံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။




































