မဲဆောက်၊ အောက်တိုဘာ ၃ ရက် -ထိုင်း-မြန်မာနယ်စပ်က တာ့ခ်-မဲဆောက် တောင်ပေါ်လမ်းဂိတ်မှာ ထိုင်းအာဏာပိုင်တွေက လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့ မနေ့က နေ့လယ် ၁၂ နာရီခွဲလောက်မှာ ဖမ်းမိခဲ့တာလို့ မဲဆောက်မြို့တော်ဝန်ရုံးက ပြောပါတယ်။
အဲဒီလက်နက်တွေကို ဘန်ကောက်က အသက် ၃၈ နှစ်နဲ့ ၇၀ နှစ်အရွယ် ထိုင်းလူမျိုးနှစ်ယောက်က သယ်လာတာလို့ သိရပါတယ်။
မဲဆောက်အာဏာပိုင်တွေ ထုတ်ပြန်တဲ့ပုံတွေမှာတော့ လက်နက်တွေကို အပြာရောင်ဆာလာအိတ်ထဲ ထည့်ပြီး သယ်လာတာပါ။
ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းထိန်းချုပ်ရေးအထူးရဲတပ်ဖွဲ့တို့က သိမ်းဆည်းရမိခဲ့တာပါ။
ဖမ်းဆီးရမိတဲ့ လက်နက်တွေကတော့ ၈၁ မီလီမီတာ လောင်ချာကျည် အလုံး ၄၀၊ ၄၀ မီလီမီတာ RPG 7 ထိပ်ဖူး ၂၅ တောင့်၊ ပို့ယမ်း ၂၅ ခုနဲ့ ၅.၅၆ မီလီမီတာကျည် ၁၆၄၀ တောင့်ဖြစ်ပါတယ်။
လက်နက်တွေ သယ်လာတဲ့ ဘန်ကောက်လိုင်စင်တပ် Mitsubishi ကားနဲ့ ဖုန်း ၂ လုံးကိုလည်း သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
အခုလောလောဆယ်မှာတော့ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းထားပြီး လိုင်စင်မဲ့လက်နက်ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေအရ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ မဲဆောက်မြို့တော်ဝန်ရုံးက ထုတ်ပြန်ထားပါတယ်။
ဒီလက်နက်တွေက မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်းတွေကို ပို့ဖို့ ဖြစ်နိုင်တယ်လို့ နယ်စပ်စစ်ရေးစောင့်ကြည့်သူတွေက ပြောပါတယ်။






































