ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် နေထိုင်သူ အင်္ဂလိပ်လူငယ် တစ်ဦး ပျောက်ဆုံးခဲ့ပြီး ၅ ရက်ကျော်အတွင်း မတွေ့သေးသော်လည်း နောက်ဆုံးလှုပ်ရှားမှုကို စံခလပူရီမြို့တွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။
ပျောက်ဆုံးနေသူမှာ အသက် ၁၉ နှစ်အရွယ် ဗြိတိန်နိုင်ငံသား Lawrence Stallard Honour ဖြစ်ပြီး စက်တင်ဘာ ၂၆ ရက် နံနက် ၆ နာရီကျော်က ပတ္တရားရှိ သူ့အိမ်မှ ထွက်သွားပြီး ယနေ့အထိ ပြန်မရောက်လာခဲ့ပါ။
မိခင်ဖြစ်သူ မစ္စ ဂူနာရာ ဖတ်တခိုဗာ က သား၏ အီးမေးလ်မှ နောက်ဆုံးအချက်အလက်ကို စစ်ဆေးရာ ကန်ချနပူရီပြည်နယ် စံခလပူရီမြို့သို့ သွားခဲ့ကြောင်း တွေ့ရှိခဲ့သဖြင့် ရဲထံ တိုင်ကြားထားသည်။ သားတွင် ငွေကြေးမရှိခြင်း၊ ဖုန်းအသုံးမပြုနိုင်ခြင်းတို့ကြောင့် ဘေးကင်းရေးအတွက် အလွန်စိုးရိမ်နေကြောင်း ပြောခဲ့သည်။
Lawrence ၏ မိသားစုနှင့် လူမှုကွန်ရက်အသိုင်းအဝိုင်းမှ ကူညီရှာဖွေရန် စည်းရုံး လှုံ့ဆော်နေကြပြီး ဖေ့စ်ဘွတ်ခ် စာမျက်နှာတစ်ခုမှလည်း သူ့ကို စံခလပူရီမြို့တွင် တွေ့မိကြောင်း ထပ်မံအတည်ပြုထားသည်။
မိခင်က သားဖြစ်သူသည် ပုံမှန်အားဖြင့် အိမ်မှ ထွက်သွားခြင်းကို မကြိုက်ဘဲ အခန်းထဲတွင်သာ နေထိုင်သူဖြစ်ကြောင်း ပြောခဲ့သဖြင့် ပိုမို စိုးရိမ်ပူပန်နေကြသည်။
ဤပုံပါပျောက်ဆုံးသူကို မြင်တွေ့ပါက ဖုန်း 087-063-2177 သို့ အမြန်ဆုံး ဆက်သွယ်ပေးရန် မိသားစုက တောင်းဆိုထားသည်။
Crd- ကန်ချနပူရီဒေသဆိုင်ရာသတင်းအဖွဲ့




































