ကန်ချနပူရီ၊ စက်တင်ဘာ ၃၀ – ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ် စံခလပူရီမြို့နယ် ဘန်တုံယန်းဒုက္ခသည်စခန်းရှိ မြန်မာစစ်ဘေးရှောင် ၄၀၀ ကျော်သည် အစိုးရအဖွဲ့ထံမှ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပြုချက် ရရှိပြီးနောက် စခန်းပြင်ပတွင် အလုပ်လုပ်ရန် ပြင်ဆင်နေကြသည်။ဒုက္ခသည်စခန်း ၉ ခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် ဘန်တုံယန်းစခန်းသည် ယခင်က အမေရိကန်ထောက်ပံ့ကြေး ဖြတ်တောက်မှုကြောင့် ထိခိုက်ခဲ့သည့် စခန်းများထဲမှ တစ်ခုဖြစ်သည်။
ထိုစခန်းသို့ သွားရောက်လေ့လာခဲ့သည့် ကန်ချနပူရီပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Wuttipong Suphakwanich က စက်တင်ဘာ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ရာတွင် ဒုက္ခသည်များအတွက် အလုပ်လုပ်ကိုင်ခွင့်ပြုထားပြီး စိုးရိမ်ပူပန်မှုများကို လျှော့ချရန် အစိုးရဌာနများ၊ အလုပ်ရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။
အစိုးရအဖွဲ့သည် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ဆုံးဖြတ်ချက်ချပြီးနောက် အောက်တိုဘာ ၁ ရက်မှ စတင်၍ ဒုက္ခသည်များအား စခန်းပြင်ပတွင် တရားဝင်အလုပ်လုပ်ခွင့် ပေးမည်ဖြစ်သည်။ ဤဆောင်ရွက်မှုကို အစိုးရဌာနများနှင့်အတူ UNHCR၊ TBC၊ COERR တို့က ပူးပေါင်းဆောင်ရွက်နေကြသည်။
ဘန်တုံယန်းဒုက္ခသည်စခန်းတွင် စုစုပေါင်းမှတ်ပုံတင်ထားသူ ၁,၇၈၃ ဦးရှိပြီး
ကနဦးအဆင့်တွင် ၉၀၀ ကျော်က အလုပ်လုပ်ရန် ဆန္ဒပြုခဲ့သော်လည်း ၄၀၀ ခန့်သာ ချက်ချင်းအလုပ်လုပ်ရန် အဆင်သင့်ဖြစ်ကြသည်။ ကျန်ရှိသူများသည် စခန်းပြင်ပတွင် တစ်ခါမျှ မနေထိုင်ဖူးသဖြင့် လိမ်လည်ခံရမည်ကို စိုးရိမ်ကြသည်။
Mr. Wuttipong က “ဒုက္ခသည်များ၏ စိုးရိမ်ပူပန်မှုများကို စုစည်းပြီး အုပ်ချုပ်ရေး၊ အလုပ်သမား၊ ကျန်းမာရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မည်” ဟု ပြောကြားသည့်အပြင် အလုပ်ရှင်များနှင့် နားလည်မှုမမှားစေရန် အလျင်အမြန်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း အထူးဖော်ပြခဲ့သည်။
ထို့အပြင် ဒုက္ခသည်များအနေဖြင့် စခန်းပြင်ပတွင် နေထိုင်ရန် အပြုအမူဆိုင်ရာ ပြောင်းလဲမှုများ လိုအပ်သည့်အတွက် အသက်မွေးဝမ်းကျောင်း၊ လိုက်လျောညီထွေ၊ ပတ်ဝန်းကျင်အသစ်များနှင့် ရင်းနှီးကျွမ်းဝင်စေရန် သင်ကြားပေးသွားမည်ဟု အစိုးရဘက်က အတည်ပြုခဲ့သည်။
အလုပ်လုပ်ရန် အဆင်သင့်ဖြစ်နေသော ဒုက္ခသည် ၄၀၀ ဦးကို ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် မြောက်ပိုင်းပြည်နယ် ၁၇ ခု၊ အလယ်ပိုင်း ၁၈ ခုနှင့် အရှေ့ပိုင်း ၈ ခုရှိ လုပ်ငန်းများတွင် အလုပ်လုပ်ခွင့်ပေးမည် ဖြစ်သည်။
Crd-ကန်ချနပူရီဒေသသတင်း
ဒုက္ခသည် #ကန်ချနာဘူရီ #သံခလပူရီ #အစိုးရဆုံးဖြတ်ချက် #တရားဝင်အလုပ်အကိုင် #ခိုလှုံရာစခန်း #မြန်မာအလုပ်သမား










































