ထိုင်းနယ်စပ် စံခလပူရီမြို့နယ်၊ နန်းပကိတ် စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ည ၈ နာရီခွဲခန့်က ဘုရားသုံးဆူနယ်စပ်ဘက်မှ လာသည့် အနက်ရောင် Toyota Vios ကားတစ်စီးကို ရပ်တန့်စစ်ဆေးရန် အချက်ပြရာ ယာဉ်မောင်းမှ မောင်းပြေးခဲ့သဖြင့် အရာရှိများက လိုက်လံခဲ့ပြီး ဒိုင်နမိုရောင်းချသည့်ဆိုင်တစ်ဆိုင်ရှေ့တွင် ကားကို တားဆီးနိုင်ခဲ့သည်။
စစ်ဆေးရာတွင် အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီး မမွန် မောင်းနှင်လာသော ကားပေါ်မှ တရားမဝင် မြန်မာလုပ်သား ၉ ဦး (အမျိုးသား ၅ ဦး၊ အမျိုးသမီး ၄ ဦး) ကို တွေ့ရှိခဲ့ရသည်။ ယာဉ်မောင်း မမွန်နှင့် လုပ်သားများတွင် မည်သည့်တရားဝင် စာရွက်စာတမ်းမျှ မရှိကြောင်း သိရသည်။
ရဲအုပ်ကြီး ပရာဒစ် ရယ်ဖတ်ချ် ဦးဆောင်သော စံခလပူရီရဲစခန်းမှ အရာရှိများက သံသယရှိသူအားလုံးကို စခန်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့သည်။ ယာဉ်မောင်း မမွန်က ၎င်းသည် စံခလပူရီမြို့နယ်၊ အမှတ် ၈ ရပ်ကွက်ရှိ တောထဲတွင် ပုန်းခိုနေသော လုပ်သားများကို မြို့ထဲသို့ ပို့ဆောင်ရန် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
ဖမ်းဆီးရမိသော မြန်မာလုပ်သားများကလည်း ထိုင်းနိုင်ငံတွင်းပိုင်းရှိ ပြည်နယ်များတွင် အလုပ်လုပ်ရန် ထွက်ပြေးလာကြခြင်းဖြစ်ပြီး စံခလပူရီမြို့နယ်တွင် လှေစီးရန် ရည်ရွယ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
အရာရှိများက ကားနှင့် ယာဉ်မောင်း မမွန်၏ မိုဘိုင်းလ်ဖုန်းကို သိမ်းဆည်းကာ ပူးပေါင်းပါဝင်သူများကို ဆက်လက်စုံစမ်းလျက်ရှိသည်။ ၎င်းတို့ကို ဥပဒေအရ အရေးယူနိုင်ရန် စံခလပူရီရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူးထံ လွှဲပြောင်းပေးခဲ့သည်။
ယာဉ်မောင်း မမွန်အား “တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများကို ဖမ်းဆီးခြင်းမှ လွတ်မြောက်စေရန် ပုန်းကွယ်ခြင်း သို့မဟုတ် အကူအညီပေးခြင်း” နှင့် “တရားမဝင် ဝင်ရောက်လာပြီး ထိုင်းနိုင်ငံတော်အတွင်း နေထိုင်ခြင်း” ဟူသော စွဲချက်များဖြင့် အရေးယူမည်ဖြစ်သည်။ တရားမဝင် လုပ်သား ၉ ဦးကိုလည်း ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။
Crd- ကန်ချနပူရီဒေသတွင်း သတင်းအဖွဲ့






































