ထိုင်းအာဏာပိုင်များက ကန်ချနပူရီပြည်နယ်အတွင်း တရားမဝင် မြန်မာလုပ်သား ၉၀ ဦးကို သယ်ယူပို့ဆောင်နေသည့် ကွန်ရက်တစ်ခုကို ယနေ့ နံနက်ပိုင်းတွင် ဖြိုခွင်းဖမ်းဆီးခဲ့သည်။
အာဏာပိုင်များအဆိုအရ လုပ်သားများကို နာမည်ကြီး ပို့ဆောင်ရေးကုမ္ပဏီ၏ ယာဉ်များနှင့် ဆင်တူအောင် ပြုပြင်ထားသည့် ကားများဖြင့် သယ်ယူခဲ့ပြီး လုပ်သားတစ်ဦးလျှင် ဘတ် ၃၀,၀၀၀ မှ ၆၀,၀၀၀ အထိ အခကြေးငွေထပ်ဆောင်း ယူခဲ့သည်။
ထိုကဲ့သို့ သယ်ယူပို့ဆောင်မှုသည် မလေးရှားနိုင်ငံသို့ ဆက်လက်ခေါ်ဆောင်ရန် အစီအစဉ်တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း တွေ့ရှိရသည်။
စက်တင်ဘာ ၃၀ နံနက် ၁ နာရီခန့်တွင် လူဝင်မှုကြီးကြပ်ရေး၊ ခရိုင်ရဲ၊ စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ဖမ်းဆီးရေး စစ်ဆင်ရေး ပြုလုပ်ခဲ့သည်။
သတင်းရရှိထားသည့် ယာဉ် ၄ စီးကို များစွာသော စစ်ဆေးရေးဂိတ်များနှင့် လမ်းလွှဲများတွင် စောင့်ဆိုင်းခဲ့ပြီး နောက်ပိုင်း ယာဉ်များကို စိုင်းယွတ်မြို့နယ် ခေါင်တုန်းရွာအနီးတွင် ပိတ်ဆို့ ဖမ်းဆီးနိုင်ခဲ့သည်။
ထိုအခါ ယာဉ်မောင်း ၂ ဦးနှင့် လုပ်သား ၁၂ ဦးခန့်သည် တောထဲသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ကျန်ရှိသော မြန်မာလုပ်သား ၉၀ ဦးနှင့်အတူ ထိုင်းယာဉ်မောင်း ၂ ဦးကို ဖမ်းဆီးမိခဲ့သည်။
- အပြာရောင် ပစ်ကပ်ကားတွင် လုပ်သား ၂၀ ဦးကို ငှက်ပျောဖတ်ပုံများအောက်တွင် ဖုံးကွယ်ထားရာ မစ္စတာ ဝပ်ချရာဖုန်း (အသက် ၂၇) ကို ဖမ်းဆီးခဲ့သည်။
- မီးခိုးရောင် ပစ်ကပ်ကားတွင် လုပ်သား ၁၁ ဦးပါဝင်ပြီး မှတ်ပုံတင်မဲ့ မြန်မာယာဉ်မောင်း မစ္စတာ တုန်ရတ်ကို ဖမ်းဆီးခဲ့သည်။
- အဖြူရောင် ဗင်ကားတွင် လုပ်သား ၃၈ ဦးရှိခဲ့ပြီး ယာဉ်မောင်းက ထွက်ပြေးခဲ့သည်။
- လိမ္မော်ရောင် ပစ်ကပ်ကားတွင် လုပ်သား ၂၀ ဦးပါဝင်ပြီး အတုလိုင်စင်နံပါတ်ပြားတပ်ထားကာ ပို့ဆောင်ရေးကုမ္ပဏီကားများနှင့် ဆင်တူအောင် ပြုပြင်ထားသည်။ ယာဉ်တွင်းတွင် လျှို့ဝှက်အခန်းများနှင့် လေဝင်လေထွက်ပေါက်များလည်း တွေ့ရှိရသည်။
မစ္စတာ ဝပ်ချရာဖုန်းက မစ္စတာ “တီ” (အမည်လွှဲ) ဆိုသူထံမှ ငှားရမ်းခံရခြင်းဖြစ်ကြောင်း သက်သေပြခဲ့သည်။ မစ္စတာ တုန်ရတ်ထံမှလည်း ယာဉ်ပြုပြင်သူများနှင့် ဆက်သွယ်မှုများကို အာဏာပိုင်များ တွေ့ရှိထားသည်။
ဖမ်းဆီးရမိသည့် လုပ်သားများအား စုံစမ်းရာတွင် ငွေ ၃၀,၀၀၀ မှ ၆၀,၀၀၀ အထိ ပွဲစားများထံ ပေးဆောင်ထားပြီး တချို့သည် ချွန်ဘူရီပြည်နယ်တွင် အလုပ်လုပ်ရန်၊ အများစုမှာ မလေးရှားသို့ သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
- ဖမ်းဆီးရမိသော ထိုင်းယာဉ်မောင်း ၂ ဦးအား တရားမဝင်ဝင်ရောက်သူများကို ကူညီဖုံးကွယ်မှု စွဲချက်ဖြင့် တရားစွဲထားသည်။
- မြန်မာလုပ်သား ၉၀ ဦးအား တရားမဝင် ဝင်ရောက်မှု စွဲချက်ဖြင့် အရေးယူမည်။
- ထွက်ပြေးသွားသည့် ယာဉ်မောင်း ၂ ဦးအတွက်လည်း အာဏာပိုင်များက အထောက်အထားများစုဆောင်းပြီး ဖမ်းဝရမ်းထုတ်ရန် စီစဉ်နေဆဲဖြစ်သည်။
Crd- ကန်ချနပူရီဒေသဆိုင်ရာသတင်း/ CaoCao












































