ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသော BGF၊ DKBA နှင့် KNU/KNLA-PC သုံးဖွဲ့တို့က စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် အပြည့်အဝ ပူးပေါင်းကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်နေ့တွင် ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။
စက်တင်ဘာ ၂၈ ရက်နေ့က BGF အမှတ် ၂ တပ်နယ်ဌာနချုပ်၌ ကရင်လက်နက်ကိုင် သုံးဖွဲ့မှ အဆင့်မြင့်ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြပြီး ကရင်ပြည်နယ်နှင့် ပြည်သူလူထု၏ အနာဂတ်အတွက် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်ပြည်နယ်၏ လက်ရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေအရပ်ရပ်အပေါ် လေ့လာသုံးသပ်ပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခပေါင်းစုံကို ဖြေရှင်းနိုင်မည့် ဒီမိုကရေစီနည်းလမ်းကျသည့် ပြည်သူ့ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွန်းစေမည်ဟု ကရင်လက်နက်ကိုင် သုံးဖွဲ့က ယူဆထားသည်။
ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်မည့်အပြင် ကရင်ပြည်နယ်နှင့် ပြည်သူများ၏ ဘဝကိုပါ အေးချမ်းတည်ငြိမ်အောင် ဖန်တီးပေးနိုင်မည်ဟုလည်း သုံးသပ်ထားသည်။
ရွေးကောက်ပွဲတွင် ပါဝင်ဆန္ဒပြုမည့် ဒေသခံပြည်သူများ၏ လွတ်လပ်သောသဘောဆန္ဒအရ ပူးပေါင်းပါဝင်နိုင်မှုကို အလေးထားအသိအမှတ်ပြုကာ ဒီမိုကရေစီစံချိန်စံညွှန်းများကို လေးစားတန်ဖိုးထားလျက် လွတ်လပ်သောဆန္ဒဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ဆန္ဒမဲပြုခြင်းအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရန် အဖွဲ့စုံပူးပေါင်းမှုဖြင့် ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ပါတီစုံဒီမိုကရေစီစနစ်နှင့် ပြည်သူတို့၏ တည်ငြိမ်အေးချမ်းသောဘဝကို ဖော်ဆောင်နိုင်စေရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ကရင်လက်နက်ကိုင်အဖွဲ့အစည်း သုံးဖွဲ့တို့က ပူးတွဲသဘောထားထုတ်ပြန်ခဲ့သည်။
ကရင်လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ထဲတွင် ကရင်နယ်ခြားစောင့်တပ် BGF သည် စစ်ကောင်စီလက်အောက်ခံတပ်အဖြစ်မှ နုတ်ထွက်ပြီး ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းသွားမည်ဟု ပြောကြားခဲ့ပြီး DKBA ကလည်း KNA ထဲတွင် ပါဝင်နေသည်ကို တွေ့ရသည်။
DKBA နှင့် KNU/KNLA-PC တို့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များဖြစ်ပြီး စစ်ကောင်စီက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် တွေ့ဆုံဆွေးနွေးပွဲများတွင် တက်ရောက်တွေ့ဆုံခဲ့ကြသည်။
သို့ရာတွင် အာဏာသိမ်းစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲသည် “စစ်တပ်အတွက် အကျိုးရှိမည့် လူနှင့် ပါတီရွေးချယ်ပွဲ” ဖြစ်သဖြင့် ကရင်လက်နက်ကိုင်အဖွဲ့များ၊ ကရင်နိုင်ငံရေးအင်အားစုများ၊ ကရင်ပါတီများနှင့် ပြည်သူလူထုတစ်ရပ်လုံးသည် အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဆန့်ကျင်ကြရန် KNU-ကရင်အမျိုးသားအစည်းအရုံးက ဩဂုတ် ၂၆ ရက်နေ့တွင် သဘောထားထုတ်ပြန်ကာ တိုက်တွန်းခဲ့သည်။





































