ကန်ချနပူရီ၊ စက်တင်ဘာ ၂၉ – ကန်ချနပူရီပြည်နယ် အုပ်ချုပ်ရေးမှူး (Governor) Mr. Atisan Intara က ပြီးခဲ့သည့်တစ်နှစ်အတွင်း မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးများမှ ဘတ်ငွေ ၁ ဘီလီယံ (ကျပ်ငွေ ၉၄.၂ ဘီလီယံခန့်) ကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ ထုတ်ဖော်ပြောကြားခဲ့ပြီး မူးယစ်ဆေးဝါးနှိမ်နင်းမှုကို ဆက်လက်၍ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဟုလည်း ကတိပြုခဲ့သည်။
ယနေ့ စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၁၁:၃၀ နာရီတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Atisan Intara နှင့် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ကာကွယ်နှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု ရလဒ်များကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးက တိုင်းဒေသကြီးအနှံ့အပြားတွင် ပူးပေါင်းပါဝင်သည့် မူးယစ်ဆေးဝါးနှိမ်နင်းရေး အစီအမံများမှတစ်ဆင့် အမှုပေါင်း ၃,၅၆၈ မှု၊ တရားခံ ၃,၇၀၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြောကြားခဲ့သည်။
သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေးပြား ၈.၅ သိန်းကျော်၊ ဘိန်းဖြူ ၃၃ ကီလိုဂရမ်ကျော်နှင့် ရေခဲ (ICE) ၃၂၁ ကီလိုဂရမ်ကျော် ပါဝင်သည်။
ထို့အပြင် မူးယစ်ဆေးဝါးဂိုဏ်းများထံမှ ဘတ်ငွေ ၆၀၃ သန်း (ကျပ်ငွေ ၅၆.၈ ဘီလီယံခန့်) ကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းရမိခဲ့သည်။
နယ်စပ်ဒေသ တားဆီးနှိမ်နင်းရေး စစ်ဆင်ရေးနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်အထိ “Seal Stop Safe” မူဝါဒအောက်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကွပ်ကဲမှုတပ်ဖွဲ့ (Narcotics Interdiction and Suppression Command) က အမှုပေါင်း ၅၇၇ မှု၊ တရားခံ ၆၀၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ဘတ်ငွေ ၅၆၁ သန်း (ကျပ်ငွေ ၅၂.၈ ဘီလီယံခန့်) ကျော် တန်ဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိခဲ့သည်။
စုစုပေါင်း သိမ်းဆည်းရမိသည့် ပိုင်ဆိုင်မှုတန်ဖိုးမှာ ဘတ်ငွေ ၁ ဘီလီယံ (ကျပ်ငွေ ၉၄.၂ ဘီလီယံခန့်) ကျော် ဖြစ်သည်။
Mr. Atisan က စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးအရာရှိများနှင့် သတင်းပေးပို့ရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော ပြည်သူများအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ရပ်ရွာလူထု ဘေးကင်းလုံခြုံမှုအတွက် အရေးပါကြောင်းနှင့် ကန်ချနပူရီပြည်နယ်မှ ပြည်သူများ၏ အနာဂတ်အတွက် မူးယစ်ဆေးဝါးနှိမ်နင်းရေးကို အရှိန်အဟုန်မြှင့် ဆက်လက်လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့သည်။
ထို့အပြင် ပြည်နယ်အုပ်ချုပ်ရေးမှူးက တရားမဝင် နိုင်ငံခြားသား အလုပ်သမားများ ဝင်ရောက်မှု မြင့်တက်လာခြင်း၊ အထူးသဖြင့် ရေကြောင်းမှ ဝင်ရောက်မှုများပြားလာခြင်းကိုလည်း ထောက်ပြခဲ့သည်။
ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ရေကြောင်းကင်းလှည့်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
Crd- สำนักข่าวกาญจน์ – Kanchanaburi News

`



































