မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ လမိုင်းမြို့၌ ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုတစ်ခုကြောင့် မြို့မ (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဦး သေဆုံးပြီး မြို့ခံတစ်ဦးဖြစ်သူ ဦးသန်းဝင်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် မြို့မ (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဦးနှင့် ဦးသန်းဝင်းတို့ နှစ်ဦး ကားဖြင့် ၎င်း၏နေအိမ်သို့ ပြန်လာစဉ် အိမ်ရှေ့၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“သေနတ်နဲ့ ပစ်သတ်ခံရသူက မြို့မ (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်ဦးပါ။ ဦးခေါင်းကို သေနတ်နဲ့ ၂ ချက် အပစ်ခံခဲ့ရတာလို့ သိရပါတယ်။ သူ့ဘေးမှာပါလာတဲ့ ဦးသန်းဝင်းဆိုသူမှာလည်း ဒဏ်ရာရရှိသွားတယ်” ဟု အဆိုပါ ဒေသခံက ဖြည့်စွက်ပြောကြားသည်။
ဦးသန်းဝင်း၏ ညာဘက်ရင်အုံအပေါ်ဘက်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး လမိုင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက လမိုင်းမြို့ကို ပိတ်ဆို့ကာ သေနတ်သမားများအား လိုက်လံရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ထို့အပြင် လမိုင်းမြို့၊ မြို့မ (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ရေးဘီလူးအဖွဲ့မှ လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ် ဖော်ပြထားချက်အရ သိရှိရသည်။
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ရှိန်နှင့် အံဒင်ရွာသစ် ဓမင်းဆိပ်ရွာခွဲတာဝန်ခံ ဦးသာင်းစိန်တို့ နှစ်ဦးမှာ သေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။




































