စံခလပူရီ၊ စက်တင်ဘာ ၂၇ – ကန်ချနဘူရီပြည်နယ်၊ စံခလပူရီမြို့နယ်ရှိ ဘန်တွန်ယန်းဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည်များအတွက် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်ပြုရေးနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များက ယမန်နေ့သောကြာနေ့၊ မွန်းလွဲ ၃:၀၀ နာရီတွင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ကန်ချနဘူရီပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Mr. Wuttipong Supakwanich နှင့် Ms. Panwipa Piyumputra တို့ ဦးဆောင်၍ ပြည်နယ်အလုပ်အကိုင်ရှာဖွေရေးအရာရှိ Mr. Wiriya Thongluea၊ ခရိုင်အတွင်းရေးမှူး၊ ကန်ချနဘူရီပြည်နယ် အလုပ်သမားကိုယ်စားလှယ်၊ အလုပ်သမားကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း ၃၄ (Institute of Skill Development 34) ၏ ညွှန်ကြားရေးမှူးကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ထိုင်းရုံးခွဲ၊ The Border Consortium – TBC နှင့် COERR အဖွဲ့အစည်းတို့ အပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) မှ ကိုယ်စားလှယ်များလည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။
အစည်းအဝေး၏ ရည်ရွယ်ချက်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် အတည်ပြုခဲ့သော ဝန်ကြီးအဖွဲ့၏ ဆုံးဖြတ်ချက်အရ ဒုက္ခသည်များအား ဘန့်တွန်ယန်းခိုလှုံရာနေရာမှ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်ပြုရန် ကိစ္စရပ်များနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်မှုများကို လေ့လာသုံးသပ်ရန်ဖြစ်သည်။
ဤဆုံးဖြတ်ချက်သည် မြန်မာစစ်ရှောင် ဒုက္ခသည်များအတွက် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။
ထိုင်းအစိုးရက စခန်း ၉ ခုမှ မြန်မာဒုက္ခသည်များကို အလုပ်လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းအပေါ် ကုလသမဂ္ဂဆိုင်ရာဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR) က ကြိုဆိုလိုက်သည်။
၎င်းတို့သည် နှစ်နိုင်ငံနယ်စပ်တလျှောက်တွင် ဆယ်စုနှစ်များစွာကြာ ယာယီခိုလှုံနေထိုင်ခဲ့ကြသူများဖြစ်သည်။
အလုပ်လုပ်ခွင့်ပါမစ်သည် အခွန်ကင်းလွတ်ခွင့်ပြုထားပြီး သက်တမ်းမှာ ၁ နှစ် ဖြစ်သည်။ ဒုက္ခသည်များသည် ၎င်းတို့၏စခန်းများမှ ထွက်ခွာရန် ခွင့်ပြုချက်လျှောက်ထားရန်၊ ကျန်းမာရေးစစ်ဆေးမှုခံယူရန်နှင့် လူမှုဖူလုံရေး သို့မဟုတ် ကျန်းမာရေးအာမခံအတွက် စာရင်းသွင်းရန် လိုအပ်မည်ဖြစ်သည်။
ဘန်တွန်ယန်းသည် မွန်လူမျိုးများ ပြန်လည်နေရာချထားရေးစခန်းဖြစ်သော မွန်ပြည်နယ် ဟလော့ဟနီ၏ တဖက်ခြမ်း ထိုင်းနိုင်ငံတွင် တည်ရှိသည်။ ဤစခန်းကို ၁၉၉၇ ခုနှစ် မေလတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ထိုးစစ်များကြောင့် ထိုင်းအာဏာပိုင်တို့ တည်ဆောက်ခွင့်ပြုခဲ့သည်။
ယခင်က နေထိုင်သူ ၂,၇၀၀ ခန့်ရှိသော စခန်းငယ်လေးတစ်ခုဖြစ်ပြီး ၉၅ ရာခိုင်နှုန်းကျော်မှာ ကရင်တိုင်းရင်းသားများဖြစ်ပြီး ၅ ရာခိုင်နှုန်းခန့်မှာ မွန်ပြည်နယ်မှဖြစ်သည်။


























































