စစ်ကော်မရှင်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက ရွေးကောက်ပွဲပျက်ပြားစေရန် ဟောပြောခြင်း၊ လှုံ့ဆော်ခြင်းတို့ဖြင့် KNU အဖွဲ့နှင့် Chinland အဖွဲ့တို့မှ တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ်အချို့ကို “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
ဤလုပ်ရပ်သည် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် မေးခွန်းများစွာကို ဖြစ်ပေါ်စေခဲ့ပြီး ရှေ့ဆက်မည်သို့ဖြစ်လာနိုင်သည်ကို လူအများက စိတ်ဝင်စားနေကြသည်။
ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် KNU Facebook Page တွင် ဟောပြောလှုံ့ဆော်ခဲ့မှုဖြင့် KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း အပါအဝင် KNU အဖွဲ့ဝင် ၁၁ ဦးအား ဩဂုတ်လနှောင်းပိုင်းနှင့် စက်တင်ဘာလအစောပိုင်းတို့တွင် လှိုင်းဘွဲ့မြို့မရဲစခန်းနှင့် ပိုင်ကျုံနယ်မြေရဲစခန်းတို့တွင် အမှုဖွင့်ထားသည်။
အလားတူပင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဟောပြောလှုံ့ဆော်ခဲ့သည့် တရားမဝင် Chinland အဖွဲ့မှ ဦးပါထန်း၊ ဒေါက်တာ ရွှေခါရ်း အပါအဝင် ၁၇ ဦးကိုလည်း စက်တင်ဘာ ၄ ရက်နေ့တွင် ဟားခါးမြို့မရဲစခန်း၌ အမှုဖွင့်ထားသည်။
ထို့အပြင် လူမှုကွန်ရက်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် လှုံ့ဆော်ရေးသားဖြန့်ဝေခဲ့သူများဖြစ်သော “Hlaing Info” Telegram Channel မှ တာဝန်ရှိသူ (စုံစမ်းဆဲ)၊ Ye Bhone Facebook အကောင့်ပိုင်ရှင် ရဲဘုန်း (ခ) ကျော်မင်း၊ U Said Dare Bird Facebook အကောင့်ပိုင်ရှင် (စိစစ်ဆဲ)၊ Khit Thit Media Telegram Channel တာဝန်ရှိသူ (စိစစ်ဆဲ) တို့ကိုလည်း နေပြည်တော်၊ ဒေါပုံနှင့် ကျောက်ဖြူမြို့မရဲစခန်းများတွင် အမှုဖွင့်အရေးယူထားသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တို့တွင်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆန္ဒပြ၊ လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သူ စုစုပေါင်း ၉ ဦးအား သက်ဆိုင်ရာမြို့မရဲစခန်းများတွင် အမှုဖွင့်ထားပြီး မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် လှုံ့ဆော်စာရွက်များ ဖြန့်ကြဲခဲ့သည့် အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး (စုံစမ်းဆဲ) တို့ကိုလည်း အမှတ်(၇)နယ်မြေရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်အကြားတွင် စက်တင်ဘာ ၁၀ ရက်က သထုံမြို့နယ်ပြည်သူ့ရှေ့ဆောင်ပါတီ (People’s Pioneer Party-PPP) ဥက္ကဋ္ဌ ဒေါ်မြသီတာပါ လေးဦးအား ဖမ်းဆီးသွားသူများ (စိစစ်ဆဲ) ကိုလည်း ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ) ဖြင့် အမှုဖွင့်လှစ်ကာ တရားခံများ ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့် အရပ်ဘက်လှုပ်ရှားသူများအား ရွေးကောက်ပွဲနှောင့်ယှက်မှုဖြင့် တရားစွဲဆိုခြင်းသည် မြန်မာ့နိုင်ငံရေးတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာစေနိုင်သည်။
ဤကိစ္စရပ်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးရှုပ်ထွေးမှုများကို ပိုမိုနက်ရှိုင်းစေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။







































