ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီ (Kanchanaburi) ပြည်နယ်၊ စံခလပူရီ (Sangkhlaburi) မြို့နယ်၊ နန်းပကိတ် အထူးစစ်ဆေးရေးဂိတ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆ ဦးနှင့် ၎င်းတို့ကို ကားမောင်းလိုက်ပို့သူ ထိုင်းနိုင်ငံသား ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စံခလပူရီ (Sangkhlaburi) ရဲစခန်း၊ နမ်းပကိတ် ပူးပေါင်းစစ်ဆေးရေးဂိတ်မှ အရာရှိများ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ၁၃၄ (Border Patrol Police 134)၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် လတ်ယာ (Lad Ya) အထူးတပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စက်တင်ဘာလ ၂၄ ရက်နေ့ ည ၇:၃၀ နာရီခန့်တွင် ဖမ်းဆီးမိခြင်း ဖြစ်သည်။
ထိုသို့ စစ်ဆေးဖမ်းဆီးခဲ့ရာတွင် အသက် ၃၀ နှစ်အရွယ် ထိုင်းအမျိုးသား (အမည်မဖော်ပြထား) ထောင်ဖာဖွန် (Thong Pha Phum) ခရိုင်၊ ကန်ချနပူရီ (Kanchanaburi) ပြည်နယ်နေသူ ကားမောင်းလိုက်ပို့သူနှင့် မြန်မာနိုင်ငံသားများဖြစ်သော မင်းမေ (၁၉ နှစ်)၊ မောင်ခိုင် (၃၂ နှစ်)၊ တာရီ (၃၀ နှစ်)၊ မခိုင်နီဝိုင်း (၁၉ နှစ်၊) မအေးချို (၃၅ နှစ်) နှင့် မတင်မိုး (၃၅ နှစ်) တို့ ၇ ဦးကို Isuzu D-max ကားတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအနက် ကားဖြင့်လိုက်ပို့ပေးသူ ထိုင်းအမျိုးသားကို တရားမဝင် နိုင်ငံခြားသားများအား ခိုလှုံခွင့်ပေးခြင်း၊ ဖမ်းဆီးခံရခြင်းမှ လွတ်မြောက်အောင် ဖုံးကွယ်ကူညီဆောင်ရွက်ပေးခြင်းတို့ဖြင့် စွဲချက်တင်ထားပြီး ကျန်မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်ခြင်းဖြင့် စွဲချက်တင်ထားသည်။









































