မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝင်းစိန်နဲ့ ခလောက်ချကျေးရွာကြားက ရော်ဘာခြံတစ်ခုမှာ နေထိုင်တဲ့ လင်မယားနှစ်ဦးဟာ စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။ သေဆုံးသူတွေကတော့ အသက် ၃၅ နှစ်အရွယ် ဦးအောင်သက်မွန်နဲ့ ဇနီးဖြစ်သူ မဆိုင်းနွန်တို့ ဖြစ်ပါတယ်။
သူတို့နှစ်ဦးစလုံးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ဦးအောင်သစ်မွန်ရဲ့ အကိုဖြစ်သူက ရော်ဘာခြံစောင့်တဲပေါ်မှာ တွေ့ရှိခဲ့တာပါ။
ပတ်ဝန်းကျင်က ရော်ဘာခြံလုပ်သားတွေရဲ့ ပြောပြချက်အရ ဦးအောင်သစ်မွန်တို့ခြံကို အမြဲဝင်ထွက်နေတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်သတ်သွားတာဖြစ်နိုင်တယ်လို့ စွပ်စွဲပြောဆိုမှုတွေ ရှိနေပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဒေသခံကယ်ဆယ်ရေးအဖွဲ့က သံဖြူဇရပ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သံဖြူဇရပ်မြို့မရဲစခန်းက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ နဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။
ဩဂုတ်လ ၆ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာမှာ ကိုထိုက်နီနဲ့ မအဉာဏ်ဆိုတဲ့ လင်မယားနှစ်ဦးကို ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လမ်းပေါ်မှာ ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဖူးပါတယ်။
Photo- ယခင်လူသတ်မှု ပုံအဟောင်း (အင်တာနက်)





































