မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD / ရာမညမွန်တပ်တော် (Ramannya Mon Army – RMA) နှင့် မွန်လွတ်မြောက်ရေးတပ်တော် (MLF) တို့ စက်တင်ဘာ ၁၈ ရက်နေ့တွင် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် စစ်အာဏာရှင်စနစ်ကို ထိရောက်စွာ တိုက်ဖျက်ရန်နှင့် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ပူးပေါင်းဖွဲ့စည်းလိုက်သော ရာမညမွန်တပ်တော် (RMA) ကို မွန်လွတ်မြောက်ရေးတပ်တော် (MLF) မှ ဦးဆောင်ကော်မတီဝင်များနှင့် တပ်ဖွဲ့ဝင်များက NMSP-AD ၏ နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းများတွင် တာဝန်ယူသွားမည်ဖြစ်သည်။
NMSP-AD အနေဖြင့်လည်း တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရာမညမွန်တပ်တော် (NMSP-AD/RMA) သည် မွန်ပြည်သူလူထုနှင့်အတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းရေးအတွက် ဘဝတူ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က အခိုင်အမာ ပြောကြားခဲ့သည်။
မွန်လွတ်မြောက်ရေးတပ်တော် (MLF) သည် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ထိုင်းနယ်စပ် ပရာချွတ်ခီရီခန်ပြည်နယ်အနီးတွင် အခြေစိုက်ကြောင်း သိရသည်။
အလားတူ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်-MLA တို့သည် မေလ ၂၄ ရက်တွင် ပေါင်းစည်းကာ ရာမညမွန်တပ်တော် ဖွဲ့စည်းထူထောင်ကြောင်း ကြေညာခဲ့သည်။






































