ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ရှိန် (ခေါ်) နိုင်ရွှေအ နှင့် အံဒင်ရွာသစ် ဓမင်းဆိပ်ရွာခွဲ တာဝန်ခံ ဦးသောင်းစိန် (မွန်လူမျိုးနှစ်ဦး) တို့ စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းက သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ည ၇ နာရီဝန်းကျင်ခန့်က ဓမင်းဆိပ်ရွာခွဲ တာဝန်ခံ ဦးသောင်းစိန် နေအိမ်တွင် ရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် လက်နက်ကိုင်လူလေးဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ဦးသောင်းစိန်မှာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
ထို့နောက် အဆိုပါ လက်နက်ကိုင်များက နှီးနှူးကျေးရွာတွင် နေထိုင်သည့် အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ရှိန်၏ နေအိမ်သို့ အဆိုပါ ည ၉ နာရီ ၁၅ မိနစ်ခန့်က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး၊ သေဆုံးသူ ဦးအောင်ရှိန်၏ ရုပ်အလောင်းကို ရေးခရိုင်ဆေးရုံတွင် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“နောက်ထပ် နှီးနှူးကျေးရွာမှာ နေထိုင်တဲ့ အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးအောင်ရှိန် ကိုလည်း အဲ့ဒီလက်နက်ကိုင်တွေက နေအိမ်ထဲဝင်ပစ်သွားတာလို့ ကြားသိရပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ပစ်ခတ်သူများမှာ မွန်စကားပြောဆိုကြသူများဖြစ်သည့်အတွက် မွန်လက်နက်ကိုင်အဖွဲ့အစည်းများမှဟု ယူဆရကြောင်း ဒေသခံများက ဆိုသည်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အံဒင်ဒေသအတွင်း ရောက်ရှိလာကာ ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ယနေ့ စက်တင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းအထိ ဒေသခံများကို ဝင်ထွက်ခွင့်မပြုဘဲ အဘော်ရွာမှ အံဒင်ဘက်သို့သွားသည့်လမ်းကို ပိတ်ဆို့ထားကာ ကျေးရွာများအတွင်း ရှာဖွေမှုများ ပြုလုပ်နေကြောင်းလည်း ဒေသခံများက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း အံဒင်ကျေးရွာအုပ်စု (ဖာလိန်ဒေသ) အတွင်း ကျေးရွာအကြီးအကဲများ လုပ်ကြံသတ်ဖြတ်ခံရမှုများ မရှိခဲ့ဖူးဘဲ၊ ယခုဖြစ်စဉ်မှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။




































