၁၉၄၈ လွတ်လပ်ရေးရပြီးချိန်မှာ ပြည်တွင်းစစ်မီးတောက်ခဲ့တဲ့အတွက် မြန်မာပြည် ရွေးကောက်ပွဲတွေ အကြိမ်ကြိမ်အခါခါ ရွှေ့ဆိုင်းခဲ့ရပါတယ်။
၁၉၄၉ မှာ ကျင်းပဖို့ ရှိတဲ့ ပါလီမန်ရွေးကောက်ပွဲတွေဟာ ၁၉၅၁ ကျမှ ကျင်းပနိုင်ခဲ့ပါတယ်။
ကျင်းပရာမှာလည်း သုံးကြိမ် ခွဲကျင်းပရပြီး မဲဝယ်မဲခိုးမှုတွေအပြင် အစိုးရစစ်တပ်နဲ့ ခါးပိုက်ဆောင်တပ်တွေက ခြိမ်းခြောက်မဲပေးခိုင်းတာတွေ ရှိတယ် ဆိုပြီး အတိုက်အခံတွေ ဘက်က ဖဆပလအစိုးရကို စွပ်စွဲခဲ့ပါတယ်။
အလားတူပဲ တောတွင်းလက်နက်ကိုင်တွေက အတိုက်အခံဘက်ကို မဲထည့်ဖို့ နယ်တွေမှာ ခြိမ်းခြောက်တာတွေ ရှိတယ်လို့လည်း ဖဆပလဘက်က စွပ်စွဲခဲ့ ပါတယ်။
အဲဒီခေတ် ပါလီမန်ရွေးကောက်ပွဲတွေမှာ အတိုက်အခံထောက်ခံသူတွေ မဲစာရင်းထဲ မဝင်အောင် ဦးနုက ဗိုလ်ချုပ်နေဝင်းကို လုပ်ခိုင်းတာ၊ တပ်တွေကို ဖဆပလ ထောက်ခံသူနည်းတဲ့ နယ်မြေတွေကို ရွှေ့ပြီး မဲပေးခိုင်းတာတွေလည်း ဖြစ်ခဲ့ကြောင်း မိုက်ကယ်ချာနေက မှတ်တမ်းတင်ပါတယ်။
မဲဆန္ဒနယ်တွေကို အစိုးရသဘောကျ မဲနိုင်အောင် ပြင်ဆင်သတ်မှတ်တာတွေလည်း ရှိခဲ့တယ်လို့ ဗိုလ်ချုပ်အစ်ကို ဦးအောင်သန်းက ၁၆ နှစ် နိုင်ငံရေးအတွေ့အကြုံများမှာ ထောက်ပြပါတယ်။

ဖဆပလ အနှစ် (၄ဝ) တည်ရမည် ဆိုပြီး ခေါင်းဆောင်တွေရဲ့ အာဏာမက်မှု ညစ်ပတ်မှုတွေကြောင့် မြန်မာပြည်မှာ ဒီမိုကရေစီ အမြစ်မတွယ် ဖြစ်ခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။
ပမညတ (ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစု)အတိုက်အခံအဖွဲ့ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးဘညိမ်ရဲ့ ဦးဘညိမ် စာအုပ်မှာတော့ သူကိုယ်တိုင် ပဲခူးတိုင်း စစ်ကွင်းမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဟောပြောပွဲတခုမှာ အစိုးရတပ်က တင့်ကားနဲ့ လိုက်လို့ ပြေးလွှားခဲ့ရသလို ခြေသလုံးကို စတင်းဂန်းနဲ့ အပစ်ခံခဲ့ရကြောင်း ပါရှိပါတယ်။
ဦးနုအစိုးရက သူ့ကို ဆေးကုပေးတဲ့အတွက် ပြေငြိမ်းခဲ့တယ်လို့ ဆိုပါတယ်။
နောက် မဲနိုင်တဲ့ အတိုက်အခံအမတ်ဘဝမှာ စစ်တပ်က သူ့ကို ရွှေတောင်ကြားအိမ်ထိ လိုက်သတ်ခိုင်းတာလည်း ရှိခဲ့တယ်လို့ ပမညတ အမတ်ဟောင်း ဦးဘညိမ်က ရေးခဲ့ ပါတယ်။

ဦးနုက ပမညတအမတ်တွေကို သက်စောင့်အဖြစ် တယောက်ကို ရိုင်ဖယ်နှစ်လက်စီ ထုတ်ခွင့်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီရွေးကောက်ပွဲမသမာမှုတွေကို အတိုက်အခံတွေဘက်က ဒီမိုကရေစီမှတ်တမ်းကြီးလို စာအုပ်ထုတ်ပြီး ကန့်ကွက် ခဲ့ကြပေမယ့် အရာမထင်ဘဲ ဖဆပလတွေ ကြီးစိုးခဲ့ကြပါတယ်။
အတိုက်အခံ အမတ်လောင်းတွေနဲ့ နောက်လိုက်တွေ သတ်ဖြတ်ခံရတာ၊ ပြန်ပေးဆွဲခံရတာ၊ ခြိမ်းခြောက်လာဘ်ထိုးမှုတွေနဲ့ ရွေးကောက်ပွဲက ပြန်ထွက်ခိုင်းတာတွေ ရှိသလို လူတယောက် ငါးကျပ်နှုန်းနဲ့ မဲဝယ်တာတွေ ရှိခဲ့တယ် ဆိုပြီး သတင်းစာဆရာ ဦးထွန်းဖေက အဘယ်ကြောင့် ပါလီမန်ဒီမိုကရေစီကျဆုံးရသလဲ စာအုပ်မှာ ရေးသား ခဲ့ပါတယ်။
တချိန်က ဦးနုအစိုးရမှာ ဝန်ကြီးဖြစ်ခဲ့ကြတဲ့ ဦးထွန်းဖေနဲ့ မြန်မာ့အလင်းဦးတင် တို့ကိုယ်တိုင် ၁၉၅၁ ရွေးကောက်ပွဲမှာ အစိုးရသံချပ်ကာကားစီးပြီး မဲဆွယ်ခဲ့ကြ ကြောင်းလည်း ဦးဘညိမ်က ရေးပါတယ်။
မှတ်ချက်- ဘီဘီစီမြန်မာပိုင်း ရေးသားသူ,ဘိုဘို ရဲ့ “မြန်မာ့ပါလီမန်ဒီမိုကရေစီနဲ့ ခါးပိုက်ဆောင်တပ်များ” မှ ကူးယူသည်။



































