ကန်ချနပူရီပြည်နယ်၊ စံခလပူရီမြို့နယ် နယ်စပ်သို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၇၀ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းပိုင်းရှိ ဒေသများသို့ သွားရောက်ရန် စီစဉ်နေကြောင်း ထွက်ဆိုခဲ့ကြသည်။
ယနေ့ (စက်တင်ဘာ ၁၄ ရက်၊ ၂၀၂၅) နံနက် ၀၀:၃၀ နာရီတွင် စံခလပူရီမြို့နယ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား အများအပြားရှိကြောင်း စုံစမ်းထောက်လှမ်းမှုများအရ နောင်လူးတိုက်နယ်၊ အမှတ် ၈ ကျေးရွာရှိ ဒေသခံတစ်ဦး၏ ရှောက်ချိုသီးခြံအတွင်း၌ လုပ်သားအများအပြား ပုန်းအောင်းနေသည်ကို တွေ့ရှိခဲ့ရသည်။
အာဏာပိုင်များသည် အဆိုပါနေရာကို ဝိုင်းရံပြီး ဝင်ရောက်ဖမ်းဆီးခဲ့ရာ အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး ၂၂ ဦးတို့ အပါအဝင် တရားမဝင်လုပ်သား ၇၀ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့အားလုံးတွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့် တရားဝင်စာရွက်စာတမ်းများ မရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။
စကားပြန်မှတစ်ဆင့် စစ်ဆေးမေးမြန်းရာတွင် ဖမ်းဆီးခံရသူများအားလုံးသည် သဘာဝလမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာကြောင်း ဝန်ခံခဲ့ကြသည်။
၎င်းတို့သည် ထိုင်းနိုင်ငံအတွင်းပိုင်းရှိ ပြည်နယ်များသို့ အလုပ်သွားရောက်လုပ်ကိုင်ရန်အတွက် လာရောက်ကြိုဆိုမည့်သူကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။
အာဏာပိုင်များသည် ဖမ်းဆီးရမိသူများအားလုံးကို မှတ်တမ်းယူပြီး တရားမဝင် နိုင်ငံခြားသားအဖြစ် ထိုင်းနိုင်ငံတွင် နေထိုင်ခြင်းဖြင့် တရားစွဲဆိုရန် စံခလပူရီ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။
တရားစီရင်ပြီးပါက ၎င်းတို့ကို မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
တရားမဝင် နယ်စပ်ဖြတ်ကျော်ခြင်းသည် မိမိအသက်အန္တရာယ်နှင့် ပိုင်ဆိုင်မှုများ ဆုံးရှုံးနိုင်သည့်အပြင် ထိုင်းနိုင်ငံဥပဒေအရ ပြင်းထန်စွာ အရေးယူခြင်း ခံရနိုင်ပါသည်။
တရားဝင်လမ်းကြောင်းမှတစ်ဆင့် လာရောက်လုပ်ကိုင်ခြင်းသည်သာ ဘေးကင်းလုံခြုံပြီး ဥပဒေနှင့်အညီ အလုပ်လုပ်ကိုင်နိုင်မည့် နည်းလမ်းဖြစ်ကြောင်း သတိပြုသင့်ပါသည်။




Crd-CaoCao




































