၂၀၂၅ ခုနှစ် စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့ နံနက် ၆ နာရီခွဲခန့်တွင် ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်၊ ထောင်ဖာဖွန်မြို့နယ်၊ ထာခနွန်တိုက်နယ်ရှိ ဘန်ပရန်ကာစီကျေးရွာအုပ်စု ၃ နှင့် ဟင်ဒတ်ကျေးရွာအုပ်စု ၆ တို့တွင် မြန်မာနိုင်ငံသား တရားမဝင်ဝင်ရောက်လာသူ ၃၉ ဦး (အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၁၂ ဦး) ကို အာဏာပိုင်များဖမ်းဆီးရမိခဲ့သည်။
၎င်းတို့နှင့်အတူ တိုယိုတာ အမျိုးအစား မီးခိုးရောင် ကားတစ်စီး (ဆာမွတ်ဆာခွန်လိုင်စင်) နှင့် Isuzu အမျိုးအစား အပြာရောင် ပစ်ကပ်ကားတစ်စီး (ကန်ချနပူရီလိုင်စင်) တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
အဆိုပါဖမ်းဆီးမှုသည် ထောင်ဖာဖွန်မြို့နယ်အတွင်း တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်လာမည်ဟု သတင်းအချက်အလက်ရရှိသဖြင့် စစ်ဆေးရေးအဖွဲ့က လှည့်ကင်းဆောင်ရွက်ရာမှ စတင်ခဲ့သည်။ သံသယဖြစ်ဖွယ် ကားနှစ်စီးကို တွေ့မြင်ရာမှ ရပ်တန့်စစ်ဆေးရန် အမိန့်ပေးခဲ့သော်လည်း ကားများက မောင်းနှင်ထွက်ပြေးခဲ့ကြသည်။
အာဏာပိုင်များက မော်တော်ကားများဖြင့် အပြင်းအထန် လိုက်လံရှာဖွေပြီးနောက် ဘန်ပရန်ကာစီကျေးရွာအုပ်စု ၃ နှင့် ဟင်ဒတ်ကျေးရွာအုပ်စု ၆ အနီးတွင် ကားနှစ်စီးလုံးကို ဖမ်းဆီးရမိခဲ့ပြီး ကားမောင်းသူများက ကားကိုထား၍ တောထဲသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသည်။
စုံစမ်းမေးမြန်းရာတွင် ဖမ်းဆီးခံရသူများသည် ဘန်ကောက်နှင့် အခြားပြည်တွင်းပြည်နယ်များတွင် အလုပ်ရှာရန် ရည်ရွယ်ကြောင်း၊ စံခလပူရီမြို့နယ်မှ ကားဖြင့် လာရောက်ခဲ့ကြောင်း သိရှိရသည်။
ထိုသူများသည် ကန်ချနပူရီမြို့၌ ချိန်းထားသည့် နေရာသို့ ရောက်ပါက အခြားပြည်နယ်များသို့ ဆက်လက်ပို့ဆောင်မည်ဟု ပြောကြားခဲ့ကြပြီး တစ်ဦးလျှင် ပွဲစားခ ၁၃,၀၀၀ မှ ၁၅,၀၀၀ ဘတ် ပေးဆောင်ရကြောင်းလည်း ဖော်ပြခဲ့သည်။
ဖမ်းဆီးရမိသူများနှင့် သက်သေခံပစ္စည်းများကို ဥပဒေအရ ဆက်လက်အရေးယူရန် ထောင်ဖာဖွန်မြို့နယ် ရဲစခန်းသို့ ပို့ဆောင်ထားကြသည်။
Crd- สำนักข่าวกาญจน์ – Kanchanaburi News








































