အစောပိုင်းဘဝနှင့် ပညာရေး
ဆာဂျိုးဇက်ဖ် ဩဂတ်စတပ်စ် မောင်ကြီး (Sir Joseph Augustus Maung Gyi) သည် မော်လမြိုင်မြို့တွင် ရာမညမွန်တိုင်းရင်းသား အနွယ်များဖြစ်ကြသော အလုပ်ကုမ္ပဏီစာရေးကြီး ဦးခင်နှင့် ဒေါ်ရင်တို့မှ ၁၈၇၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။
ငယ်နာမည်မှာ မောင်ကြီး ဖြစ်သော်လည်း ရန်ကုန်မြို့ရှိ စိန်ပေါလ် အထက်တန်းကျောင်း (St. Paul’s High School) တွင် ပညာသင်ခဲ့သောကြောင့် ဂျေအေမောင်ကြီးဟု အမည်တွင်ခဲ့သည်။
သူသည် အင်္ဂလိပ်အစိုးရ၏ သစ္စာတော်ခံ၊ မြို့ပိုင်၊ နယ်ခြားဝန်ထောက် အစရှိသည့် မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။

သူ၏ဖခင် ဦးခင်မှာ ရန်ကုန်မြို့ရှိ ဘူးလော့ခ်ဘရားသားစ် ကုမ္ပဏီ (Bulloch Brothers & Co.) တွင် အလုပ်လုပ်ပြီး အင်္ဂလိပ်ကုန်သည်လောကတွင် ထင်ရှားဩဇာရှိသူတစ်ဦး ဖြစ်သည်။
ဂျေအေမောင်ကြီးသည် ၁၈၈၄ ခုနှစ်၊ အသက် ၁၃ နှစ်အရွယ်တွင် စိန်ပေါလ်ကျောင်းမှ ဆယ်တန်း (Matriculation) စာမေးပွဲကို အောင်မြင်ခဲ့ပြီး ရန်ကုန်ကောလိပ်သို့ တက်ရောက်ခွင့်ရခဲ့သည်။
ထိုမှတစ်ဆင့် ၁၈၈၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ ပညာတော်သင်အဖြစ် သွားရောက်ခွင့်ရခဲ့ပြီး လန်ဒန်မက်ထရစ် စာမေးပွဲကို အောင်မြင်ခဲ့သည်။
ထို့နောက် စိန်မေရီကောလိပ်၊ အောက်စ်ဖိုဒ်တက္ကသိုလ် (Oxford University) နှင့် ဘရပ်ဆဲလ်ကောလိပ်တို့တွင် ဆက်လက်ပညာသင်ယူခဲ့သည်။
ဆက်လက်၍ လန်ဒန်မြို့ရှိ ဂရေးအင်း ဥပဒေသင်တန်းကျောင်း (Gray’s Inn) တွင် ပညာသင်ကြားခဲ့ပြီး ဘာရစ်စတာ (Barrister) ဥပဒေဘွဲ့ကို ရရှိခဲ့သည်။
၁၉၀၀-၀၁ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်မြို့တွင် ၁၁ နှစ်တိုင်တိုင် ဝတ်လုံအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။
၁၉၁၁ ခုနှစ်တွင် ထိုင်းနိုင်ငံရှိ ဗြိတိသျှသစ်ကုမ္ပဏီတစ်ခု၏ ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေစဉ် ထိုင်းနိုင်ငံသူ ချင်းမိုင်၊ လန်ပန်းမြို့မှ ဒေါ်ဖွားမေနှင့် အိမ်ထောင်ကျခဲ့သည်။
ဂျေအေမောင်ကြီးနှင့် ဇနီးဒေါ်ဖွားမေတို့မှ တစ်ဦးတည်းသောသမီးဖြစ်သူ ဒေါ်ခင်မြင့်ကို ဖွားမြင်ခဲ့သည်။
၁၉၁၄ ခုနှစ်တွင် ဂျေအေမောင်ကြီးတို့မိသားစု မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ဝတ်လုံအလုပ်ကို ဆက်လက်လုပ်ကိုင်ခဲ့သည်။
နိုင်ငံရေးဘဝ
၁၉၁၇ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ ဂျေအေမောင်ကြီးအား ဘုရင်ခံ၏ အတိုင်ပင်ခံအဖြစ် ခန့်အပ်ခဲ့ရာ ထိုအချိန်မှစ၍ ဝတ်လုံလောကမှ နိုင်ငံရေးလောကသို့ ဝင်ရောက်လာခဲ့သည်။
- ၁၉၂၁ ခုနှစ်တွင် ဝိုက်ကော်မတီ (Whyte Committee) စစ်ဆေးမေးမြန်းမှုကို ခံယူခဲ့ပြီး ဒိုင်အာခီအုပ်ချုပ်ရေး (Dyarchy) ကို လက်ခံခဲ့သည်။ ထို့နောက် သစ်တောရေးရာဝန်ကြီး ရာထူးကို လက်ခံရရှိခဲ့သည်။
- ၁၉၂၃ ခုနှစ်တွင် အရှေ့ပိုင်းအမတ်နှစ်နေရာအတွက် ရွေးချယ်ခံရပြီး ငါးထောင်စားအမတ် ဖြစ်ခဲ့သည်။
- ၁၉၂၄-၂၆ ခုနှစ်များတွင် ဟိုက်ကုတ်တရားသူကြီး (High Court Judge) အဖြစ်လည်းကောင်း၊ ၁၉၂၆ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
- ၁၉၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဗြိတိသျှအစိုးရမှ ဂျေအေမောင်ကြီးအား ကေစီအိုင်အီး (K.C.I.E – Knight Commander of the Order of the Indian Empire) ဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့ရာ ထိုအချိန်မှစ၍ ဆာဂျေအေမောင်ကြီး ဟု အမည်တွင်ခဲ့သည်။
- ၁၉၃၀ ပြည့်နှစ်၊ ဩဂုတ်လတွင် မြန်မာပြည်ဘုရင်ခံ ဆာချားလ်စ်အင်းနစ် (Sir Charles Innes) ကျန်းမာရေးအခြေအနေကြောင့် အင်္ဂလန်သို့ ပြန်သွားစဉ် ဆာဂျေအေမောင်ကြီးအား ခေတ္တဘုရင်ခံအဖြစ် ရာထူးလွှဲပြောင်းပေးခဲ့သည်။ ခေတ္တဟုဆိုသော်လည်း ဘုရင်ခံအဖြစ် ကျမ်းသစ္စာကျိန်ဆိုကာ တာဝန်ထမ်းဆောင်ခဲ့ရသည်။ သူ၏လက်ထက်တွင် သာယာဝတီမြို့ ဒါဘာပွဲ၌ တောင်သူလယ်သမားများ၏ မြေခွန်တော်လျှော့ချရေး အသနားခံလွှာကို ပယ်ချခဲ့ရာမှ ဆရာစံဦးဆောင်သော တောင်သူလယ်သမားပုန်ကန်မှုကြီး ဖြစ်ပွားခဲ့သည်။
- ၁၉၃၂-၃၄ ခုနှစ်များတွင် ၉၁ ဌာနအုပ်ချုပ်ရေးကာလ၌ သစ်တောရေးရာဝန်ကြီးနှင့် ပညာရေးဝန်ကြီး (ပူးတွဲ) အဖြစ် တာဝန်ယူခဲ့သည်။
- ၁၉၃၄ ခုနှစ်တွင် လွှတ်တော်၌ သံဃာ့ဝိနိစ္ဆယဥပဒေကျမ်းကို တင်သွင်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။
- ၁၉၃၆ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ရှုံးနိမ့်ခဲ့ပြန်သည်။ သို့သော် ၁၉၃၇ ခုနှစ်မှ ၁၉၄၀ အထိ ဘုရင်ခံမှ တိုက်ရိုက်ခန့်အပ်သော အမတ်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၄၀-၄၂ တွင် အထက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ဂျပန်ခေတ်တွင် နိုင်ငံရေးမှ အနားယူခဲ့သည်။
နိုင်ငံရေးပါတီ
ဆာဂျေအေမောင်ကြီးသည် ရွှေတောင်ကြားပါတီ (Golden Valley Party) ကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ဤပါတီကို အင်ဒီပင်းဒင့်ပါတီ (Independent Party) သို့မဟုတ် တိုးတက်ရေးပါတီ (Progressive Party) ဟုလည်း ခေါ်ဝေါ်ကြသည်။
အင်္ဂလိပ်ကိုလိုနီခေတ်အတွင်း ပေါ်ပေါက်ခဲ့သော်လည်း အင်္ဂလိပ်အစိုးရ၏ အလိုကျဆောင်ရွက်သော “အလိုတော်ရိပါတီ” အဖြစ်သာ ထင်ရှားခဲ့သည်။
ပါတီဝင်အများစုမှာ အင်္ဂလိပ်အစိုးရက သူကောင်းပြုထားသော ဆာဘွဲ့ရများ၊ အင်္ဂလိပ်ကပြားများ၊ တရုတ်နှင့် အိန္ဒိယကုန်သည်ကြီးများ၊ အစိုးရအရာရှိဟောင်းများ၊ ပင်စင်စားများနှင့် ဝတ်လုံရှေ့နေများ ဖြစ်ကြသည်။
ပါတီဝင်အများစုမှာ ရန်ကုန်မြို့၊ ရွှေတောင်ကြားရပ်ကွက်တွင် နေထိုင်ကြသောကြောင့် လူထုက “ရွှေတောင်ကြားပါတီ” ဟု ခေါ်ဝေါ်ခဲ့ကြခြင်းဖြစ်သည်။
ပါတီသည် အိန္ဒိယမှ မြန်မာပြည်ခွဲထွက်ရေး (ခွဲရေး) ဘက်တွင် ရပ်တည်ခဲ့သည်။ ၁၉၃၁ ခုနှစ် လန်ဒန်စားပွဲဝိုင်းကွန်ဖရင့် (London Round Table Conference) သို့ ပါတီကိုယ်စားလှယ်များအဖြစ် ဦးအောင်သင်း၊ ဦးကြင်သိန်းနှင့် ဆာအော်စကာဒီဂလင်းဗီးလ် (Sir Oscar de Glanville) တို့ တက်ရောက်ခဲ့ကြသည်။
သူ၏ထင်ရှားသော ဆောင်ရွက်ချက်တစ်ခုမှာ ၁၉၃၀ ပြည့်နှစ်၊ ယာယီဘုရင်ခံအဖြစ် တာဝန်ယူနေစဉ်အတွင်း “တလိုင်း” ဟု ခေါ်ဝေါ်သုံးစွဲနေခြင်းအစား “မွန်” ဟု တရားဝင်ပြောင်းလဲခေါ်ဝေါ်သုံးစွဲရန် ပြည်ထဲရေးဌာန၏ ၂၉-၇-၁၉၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၄၇/ဒီ-၃၁) ဖြင့် အစိုးရဌာနဆိုင်ရာများသို့ ညွှန်ကြားအမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အငြိမ်းစားဘဝနှင့် ဘာသာရေး
နိုင်ငံရေးမှ အနားယူပြီးနောက် ကွယ်လွန်ချိန်အထိ ဘာသာရေးနှင့် စာပေရေးရာများကိုသာ ဆောင်ရွက်ခဲ့သည်။
သူသည် အင်္ဂလန်တွင် ပညာသင်နေစဉ်ကပင် ပန့်ခ်ျ (Punch) မဂ္ဂဇင်းတွင် ဆောင်းပါးနှင့် ကဗျာများ ရေးသားခဲ့ဖူးပြီး ဒေါက်တာစတူးဝပ် (Dr. Stewart) နှင့်အတူ မြန်မာ့ဇာတ်သဘင်အကြောင်း သုတေသနစာတမ်းတစ်စောင်ကိုလည်း ရေးသားခဲ့သည်။ ဘာသာစကား ၅ မျိုးကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်။
ဆာဂျေအေမောင်ကြီးသည် ဗုဒ္ဓဘာသာကို အလွန်သက်ဝင်ယုံကြည်သူဖြစ်သည်။ ဘုရင်ခံဘဝတွင်ပင် တစ်နေ့လျှင် ဂုဏ်တော်တစ်ထောင် ပုတီးစိပ်လေ့ရှိပြီး နေအိမ်တွင် ဘုရားခန်းကို ကြီးကျယ်ခမ်းနားစွာ ထားရှိခဲ့သည်။
သထုံမြို့၊ ဇင်းကျိုက်တောင်တွင် ရှစ်တောင်အမြင့်ရှိ တင်ပျဉ်ခွေဗုဒ္ဓရုပ်ပွားတော်တစ်ဆူကိုလည်း လှူဒါန်းခဲ့သည်။
ဝိနည်းပိဋကတ်တော်များကို လေ့လာပြီး လယ်တီဆရာတော်ဘုရားကြီး၏ ပိဋကတ်မြန်မာပြန်လုပ်ငန်းများတွင်လည်း များစွာကူညီခဲ့သည်။
သံဃာ့ဝိနိစ္ဆယဥပဒေကြမ်း တင်သွင်းစဉ်က သူ့အား နိုင်ငံရေးပြိုင်ဘက်များက ခရစ်ယာန်ဟု စွပ်စွဲခဲ့ကြသော်လည်း သူသည် ငယ်စဉ်မှစ၍ ကွယ်လွန်သည့်တိုင် ဗုဒ္ဓဘာသာကို အလွန်ရိုသေကိုင်းရှိုင်းသူ ဖြစ်သည်။
မကွယ်လွန်မီ တစ်လခန့်အလိုတွင် မူးမေ့လဲကျရာမှစ၍ ဆရာဝန်ကြီးများဖြင့် ကုသခဲ့သော်လည်း အသက်အရွယ်ကြီးရင့်မှုကြောင့် သက်သာရာမရဘဲ ၁၃၁၆ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် (၁၉၅၅ ခုနှစ်၊ မတ်လ ၉ ရက်) နေ့၊ အသက် ၈၃ နှစ်အရွယ်တွင် ရန်ကုန်မြို့၊ ရွှေတောင်ကြားလမ်းရှိ နေအိမ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့သည်။
ကိုးကား
- မြန်မာ့စွယ်စုံကျမ်း




































