မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံတစ်နိုင်ငံဟု ကမ္ဘာကသိကြသော်လည်း ထိုစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်နေကြသော လယ်သမားများ၏ ဘဝမှာမူ “ကျောမွဲလူတန်းစား” ဆိုသည့် အမည်မှ ခေတ်အဆက်ဆက် ရုန်းမထွက်နိုင်သေးသည်မှာ ဝမ်းနည်းဖွယ်ရာ အမှန်တရားတစ်ခုပင် ဖြစ်သည်။
တစ်နိုင်ငံလုံး၏ ဝမ်းဗိုက်ကို ဖြည့်တင်းပေးနေသူများ ဖြစ်လင့်ကစား သူတို့၏ ဝမ်းစာမှာမူ ဖူလုံလုံမရှိ၊ ဘဝမှာ မွဲတေမြဲ မွဲတေနေဆဲဖြစ်သည်။
အစိုးရအဆက်ဆက်၏ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ မူဝါဒများသည် လယ်သမားများ၏ ဘဝကို အမှန်တကယ် မြှင့်တင်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါ။
ထို့အပြင် ကုန်သည်ပွဲစားများ၏ ဈေးကွက်ကို လက်ဝါးကြီးအုပ်ကာ စပါး၊ ပဲ၊ နှမ်း၊ နေကြာ အစရှိသည့် လယ်ယာထွက်ကုန်များကို ဈေးနှိမ်ဝယ်ယူမှုများက လယ်သမားတို့၏ ချွေးနည်းစာကို အချည်းနှီး ဖြစ်စေခဲ့သည်။


စိုက်ပျိုးစရိတ်၊ သွင်းအားစုစရိတ်များ နှစ်စဉ်တက်လာသော်လည်း သီးနှံပေါ်ချိန်တွင် ရသင့်ရထိုက်သော ဈေးကောင်းမရရှိဘဲ အရှုံးနှင့်ရင်ဆိုင်ရခြင်း၊ အကြွေးသံသရာလည်နေခြင်းတို့ကြောင့် လယ်သမားတို့၏ ဘဝသည် ဆင်းရဲတွင်းမှ တက်လမ်းမမြင် ဖြစ်နေရသည်။
ဤသို့ဖြင့် လယ်သမားမိဘများသည် သူတို့ခံစားနေရသော ဆင်းရဲနွံတောထဲသို့ သားသမီးများကို ဆက်လက် ခြေချစေလိုခြင်း မရှိတော့ပေ။
လယ်ယာမြေကို အမွေပေးလိုက်လျှင် သားသမီးများလည်း သူတို့ကဲ့သို့ပင် ကျောမွဲဘဝဖြင့် နိဂုံးချုပ်ရမည်ကို သိသောကြောင့် လယ်လုပ်ရန် အားမပေး၊ အမွေမပေးဘဲ အခြားအသက်မွေးဝမ်းကျောင်း ပညာရပ်များကိုသာ သင်ယူစေတော့သည်။
ထို့ကြောင့် လူငယ်များသည်လည်း လယ်ယာလုပ်ငန်းကို စိတ်ဝင်စားမှုမရှိတော့ဘဲ မြို့ပြသို့ သို့မဟုတ် ပြည်ပသို့ အလုပ်သွားလုပ်ရန်သာ အာရုံစိုက်လာကြသည်။
ဤသည်မှာ မြန်မာ့လယ်ယာကဏ္ဍ၏ အနာဂတ်အတွက် အနီရောင်အချက်ပြမီးပင် ဖြစ်သည်။
ယင်း၏ အကျိုးဆက်ကို ယနေ့ ကျွန်ုပ်တို့အားလုံး လက်တွေ့ကျကျ ခံစားနေရပြီဖြစ်သည်။
တစ်ချိန်က စိုက်ပျိုးရေးထွက်ကုန်များ ပေါကြွယ်ဝခဲ့သော မြန်မာနိုင်ငံသည် ယခုအခါ မီးဖိုချောင်သုံးကုန်ပစ္စည်း အားလုံးလိုလိုကို အိမ်နီးချင်း ထိုင်းနိုင်ငံမှ တင်သွင်းသုံးစွဲနေရသည့် အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။
ဆီ၊ ဆားမှအစ ဟင်းသီးဟင်းရွက်များအဆုံး ထိုင်းစာတန်းပါ ပစ္စည်းများက မြန်မာ့မီးဖိုချောင်တိုင်းတွင် နေရာယူနေသည်မှာ မငြင်းနိုင်သော အမှန်တရားဖြစ်သည်။
ဤအခြေအနေကို လက်ရှိအုပ်ချုပ်နေသော စစ်ကော်မရှင်ကလည်း သတိပြုမိလာပုံရသည်။
သြဂုတ်လ ၂၅ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သော အစည်းအဝေးတစ်ခု၌ ဝန်ကြီးချုပ် ဦးညိုစောက “ပြည်ပသွင်းကုန်များလျှော့ချပြီး ပြည်တွင်းထုတ်လုပ်မှု တိုးချဲ့ရန်” မူဝါဒချမှတ်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အထူးသဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် တင်သွင်းနေရသော စားသုံးဆီကဏ္ဍတွင် နေကြာစိုက်ပျိုးမှုကို အားပေးပြီး ပြည်ပမှီခိုမှုကို လျှော့ချသွားမည်ဟု ဆိုသည်။
ထို့အပြင် တောင်သူများအတွက် ဓာတ်မြေသြဇာကို ဈေးကွက်ပေါက်ဈေးထက် ၂၅% လျှော့ချရောင်းပေးမည့် အစီအစဉ်များလည်း ပါဝင်သည်။
အစိုးရ၏ ဤမူဝါဒသည် ကြိုဆိုစရာဖြစ်သော်လည်း အရင်းခံပြဿနာကို မျက်ကွယ်ပြုထား၍ မရနိုင်ပါ။
နေကြာစိုက်ဧကများ တိုးချဲ့ခိုင်းရုံ၊ ဓာတ်မြေသြဇာဈေး အနည်းငယ်လျှော့ပေးရုံဖြင့် လယ်သမားတို့၏ ဘဝကို ပြောင်းလဲပေးနိုင်မည် မဟုတ်ပါ။
အဘယ့်ကြောင့်ဆိုသော် လယ်သမားများ နေကြာမစိုက်ချင်၊ စပါးမစိုက်ချင် ဖြစ်ရသည့် အဓိကအကြောင်းရင်းမှာ ထွက်လာသည့် သီးနှံကို ဈေးနှိမ်ရောင်းချရခြင်းကြောင့် ဖြစ်သည်။



အစိုးရအနေဖြင့် တောင်သူများ၏ ထွက်ကုန်ကို အာမခံချက်ရှိသော ဈေးနှုန်းတစ်ခုဖြင့် ဝယ်ယူပေးမည့် စနစ်၊ ခေတ်မီစိုက်ပျိုးရေး နည်းပညာများ၊ သွင်းအားစုများနှင့် အတိုးနည်းချေးငွေများကို အမှန်တကယ် ထောက်ပံ့ပေးနိုင်မှသာ လယ်သမားတို့သည် စိုက်ပျိုးရေးကို စိတ်ဝင်စားမှု ပြန်လည်ရှိလာမည်ဖြစ်သည်။
နိဂုံးချုပ်ရလျှင် ပြည်ပသွင်းကုန်များကို လျှော့ချလိုပါက ပြည်တွင်းမှ လယ်သမားများကို ဦးစွာကယ်တင်ရမည် ဖြစ်သည်။
လယ်သမားများကို “ကျောမွဲလူတန်းစား” အဖြစ် သတ်မှတ်ထားသမျှ၊ သူတို့၏ ချွေးနည်းစာကို ဈေးနှိမ်ဖျက်ဆီးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးသည် အိမ်နီးချင်းနိုင်ငံများ၏ လက်ထဲတွင်သာ ရှိနေဦးမည်ဖြစ်သည်။
ထို့ကြောင့် လယ်သမားဘဝ မြင့်မားမှသာ နိုင်ငံ၏ စီးပွားရေးနှင့် ဂုဏ်သိက္ခာ မြင့်မားလာမည်ဖြစ်ကြောင်း အလေးအနက် တင်ပြလိုက်ရပါသည်။




































