စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပမည့်ရက်ကို တိတိကျကျ မကြေညာသေးသော်လည်း မွန်ပြည်နယ်အတွင်း၌ နိုင်ငံရေးပါတီအချို့မှာ ပါတီရုံးများဖွင့်လှစ်ခြင်း၊ ပါတီဝင်များ စုဆောင်းခြင်း အစရှိသည့် ရွေးကောက်ပွဲအကြိုပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။
ယင်းသို့ လှုပ်ရှားမှုများထဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပြည်သူ့ပါတီသည် ၎င်းတို့၏ မော်လမြိုင်မြို့နယ် ပါတီရုံးကို ဩဂုတ်လ (၁၀) ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အုတ်ဖိုလမ်းတွင် ဖွင့်လှစ်ခဲ့သည်။



ရုံးဖွင့်ပွဲသို့ ပြည်သူ့ပါတီ၏ မွန်ပြည်နယ်တာဝန်ခံနှင့်အတူ မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရော နှင့် ချောင်းဆုံမြို့နယ်များမှ ပါတီဝင်တချို့ တက်ရောက်ခဲ့ကြသည်။
ပြည်သူ့ပါတီသည် မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ်အပါအဝင် ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ဘီးလင်းမြို့နယ်တို့၌ မြို့နယ်ရုံးခွဲများ ဖွင့်လှစ်ထားပြီးဖြစ်ကာ ကျန်ရှိသည့် မြို့နယ်များတွင်လည်း ဆက်လက်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။
ပြည်သူ့ပါတီအပြင် မွန်ပြည်နယ်တွင် အခြေစိုက်လှုပ်ရှားနေသည့် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီများဖြစ်သော ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရေစီပါတီ (ကျားဖြူပါတီ)၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် အမျိုးသားတိုးတက်ရေးပါတီတို့သည်လည်း မြို့နယ်ရုံးများဖွင့်လှစ်ခြင်းနှင့် ပါတီဝင်သစ်များ စုဆောင်းခြင်းတို့ကို အသီးသီးလုပ်ဆောင်နေကြသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌက လာမည့် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားထားချက်ရှိသော်လည်း လက်ရှိတွင် မွန်ပြည်နယ်၏ ခရိုင် ၄ ခုလုံးတွင် တည်ငြိမ်မှုအပြည့်အဝမရှိသေးပေ။




































