အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် တရားမဝင်သည့်အပြင် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရန်သာဖြစ်၍ လုံးဝလက်မခံကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သဘောထားထုတ်ပြန်ကြေညာလိုက်သည်။
ထို့အပြင် အဆိုပါ ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ပါဝင်ခြင်းမပြုဘဲ အကြမ်းမဖက်သော နည်းလမ်းများဖြင့် ဆန့်ကျင်ကန့်ကွက်သွားရန်လည်း KNU က တိုက်တွန်းထားသည်။
ယနေ့ဩဂုတ်လ ၂၆ ရက်နေ့စွဲဖြင့် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ခဲ့သည့် အချက် ၇ ချက်ပါ ကြေညာချက်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို KNU အနေဖြင့် လုံးဝလက်မခံဟု အတိအလင်း ကြေညာခဲ့သည်။
ယခုကျင်းပမည့် ရွေးကောက်ပွဲသည် ဥပဒေကြောင်းအရ တရားမဝင်ခြင်း၊ ပြည်သူအားလုံးပါဝင်နိုင်သည့် အခြေအနေမရှိခြင်းနှင့် လိုသလိုအဖြေထုတ်နိုင်သည့် လုပ်ငန်းစဉ်ဖြစ်သောကြောင့် လက်မခံနိုင်ခြင်းဖြစ်သည်ဟု KNU က ဆိုသည်။
“ဤရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး လက်ရှိ နိုင်ငံရေးအကြပ်အတည်း၏ အဖြေမဟုတ်ပါ။ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်း ပဋိပက္ခကို ပိုမိုပြင်းထန်လာစေရုံသာမက ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ်လာစေမည်ဖြစ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီသည် ရွေးကောက်ပွဲအား ဆန့်ကျင်သည့် လှုပ်ရှားမှုများကို ကိုင်တွယ်ရန် ဥပဒေအသစ်များ ထုတ်ပြန်ပြင်ဆင်ခြင်းဖြင့် ပြည်သူများကို အကြောက်တရားအောက်မှ ဆန္ဒမပါဘဲ ပါဝင်လာစေရန် ဖန်တီးနေသည်ဟုလည်း ထောက်ပြထားသည်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မျက်ကွယ်ပြု၍ ကျင်းပမည့် ဤရွေးကောက်ပွဲသည် “စစ်တပ်ကို အကျိုးပြုမည့် လူနှင့်ပါတီ ရွေးချယ်ပွဲ” သာဖြစ်ပြီး နိုင်ငံရေးပါတီများအနေဖြင့် ပါဝင်ခြင်းသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ်သစ် တည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်စေမည်ဟု KNU က သုံးသပ်သည်။
စစ်မှန်သည့် နိုင်ငံရေးအဖြေကိုရရှိရန်မှာ အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှတစ်ဆင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို ရေးဆွဲပြီးမှ ကျင်းပသည့် ရွေးကောက်ပွဲကသာလျှင် နိုင်ငံ၏ ပဋိပက္ခများကို အဆုံးသတ်နိုင်မည်ဟု KNU က ယုံကြည်ကြောင်းလည်း ဖော်ပြခဲ့သည်။
သို့ဖြစ်၍ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများအနေဖြင့် စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်စေမည့် ဤအတုအယောင်ရွေးကောက်ပွဲတွင် ပါဝင်ခြင်းဖြင့် “အဆိပ်ပင်ရေလောင်းသည့် သမိုင်းတရားခံ” ဖြစ်မသွားစေရန် ရှောင်ရှားကြဖို့လည်း သတိပေးထားသည်။
ထုတ်ပြန်ချက်အဆုံးတွင် ကရင်အမျိုးပြည်သူလူထု၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးအင်အားစုများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် မပါဝင်ကြဘဲ အကြမ်းမဖက်သောနည်းလမ်းများဖြင့် ဆန့်ကျင်သွားကြရန် KNU က တိုက်တွန်းတောင်းဆိုခဲ့သည်။





































