“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) သည် ၎င်းတို့၏ မဟာမိတ်များဖြစ်သော ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSPP) တို့အား ပန်ဆန်းမြို့သို့ ဖိတ်ခေါ်၍ စစ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များအားလုံးကို တရားဝင်ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သြဂုတ်လ ၂၀ ရက်နေ့တွင် အသိပေးကြေညာခဲ့သည်။
အစည်းအဝေးတွင် UWSA ပြည်ပဆက်ဆံရေးဝန်ကြီး ကျောက်ကော်အန်းက “ဝ” ပြည်နယ်၏ နောက်ဆုံးဆုံးဖြတ်ချက်ကို တရားဝင်အသိပေးခဲ့ပြီး “မည်သည့်အဖွဲ့အစည်းကိုမဆို လက်နက်၊ ကိရိယာ၊ ငွေကြေးနှင့် စစ်ရေးအရ လွယ်ကူချောမွေ့စေမှုများ လုံးဝပံ့ပိုးကူညီတော့မည် မဟုတ်” ဟု ပြတ်သားစွာ ပြောကြားခဲ့သည်။
ထို့အပြင် ဤဆုံးဖြတ်ချက်ကို အများပြည်သူသို့ တရားဝင်ကြေညာမည်ဖြစ်၍ အကူအညီများတောင်းဆိုခြင်းဖြင့် “ဝ” ပြည်နယ်ကို ထပ်မံမနှောင့်ယှက်ရန်လည်း မဟာမိတ်အဖွဲ့များအား တိုက်တွန်းခဲ့ကြောင်း WSTV ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
UWSA ၏ ဆုံးဖြတ်ချက်ကို MNDAA, TNLA နှင့် SSPP တို့မှ ကိုယ်စားလှယ်များက နားလည်သဘောပေါက်ကြောင်း တုံ့ပြန်ခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြသည်။
ဤကြေညာချက်သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား မဟာမိတ်ဆက်ဆံရေးတွင် အပြောင်းအလဲကြီးတစ်ခု ဖြစ်လာနိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
ကိုးကား- Wa News Land
Photo – WSTV












































