ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Theerat Rattan Samretwanich သည် ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ဝင်းကရွာ (Wat Wang Wiwekaram) ရှိ ဗုဒ္ဓဂယာစေတီတော်ရင်ပြင်ရှေ့၌ သြဂုတ်လ ၃၀ ရက် (၂၀၂၅)၊ ညနေ ၃:၀၀ နာရီတွင် ထိုင်းနိုင်ငံသားမှတ်ပုံတင်နှင့် နေထိုင်ခွင့်လက်မှတ်များ ပေးအပ်ပွဲ အခမ်းအနားသို့ သဘာပတိအဖြစ် တက်ရောက်ခဲ့သည်။
အခမ်းအနားသို့ ကန်ချနပူရီပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Athissorn Intara အုပ်ချုပ်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Witool Sirinukul)၊ ကန်ချနပူရီခရိုင် (အမှတ် ၅) မှ လွှတ်တော်အမတ် Mr. Panom Phokaew တို့နှင့်အတူ UNHCR ကိုယ်စားလှယ်များ၊ အမျိုးသားလုံခြုံရေးကောင်စီ၊ အစိုးရအဖွဲ့အစည်းများ၊ ပူးပေါင်းဆောင်ရွက်သည့် ကွန်ရက်များနှင့် ပြည်သူလူထု ၂,၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက “ယနေ့ ကျွန်မကို ပြည်ထဲရေးဝန်ကြီးက နိုင်ငံသားနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခြေအနေပြဿနာများကို ဖြေရှင်းပေးဖို့ အစိုးရမူဝါဒအရ တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံမဲ့သူများနဲ့ နိုင်ငံသားမဲ့သူများရဲ့ ပြဿနာဟာ ထိုင်းနိုင်ငံအတွက် အရေးကြီးသော စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့ ကတ်ဘိနက်ဝန်ကြီးများတဲ့ ဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သူများနဲ့ နိုင်ငံတော်အတွင်း မွေးဖွားခဲ့တဲ့ ကလေးငယ် စုစုပေါင်း ၄၈၃,၆၂၆ ဦးအတွက် စနစ်တကျ ဖြေရှင်းပေးခြင်း၏ အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ၎င်းတို့သည် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများနှင့် “မည်သူ့ကိုမျှ နောက်ချန်မထား (Leave No One Behind)” ဟူသော မူဝါဒနှင့်အညီ တရားဝင် အဆင့်အတန်းများ ရရှိမည် ဖြစ်ပါတယ်။”
“ဤအခွင့်အရေး ရရှိသူများကို အုပ်စုနှစ်စုခွဲခြားထားပါတယ်။ ပထမအုပ်စုကတော့ ထိုင်းနိုင်ငံမှာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့တဲ့ တိုင်းရင်းသားလူမျိုးများ ဖြစ်ပြီး ၎င်းတို့ဟာ နေထိုင်ခွင့်လက်မှတ် ရရှိမှာ ဖြစ်ပါတယ်။ ဒုတိယအုပ်စုကတော့ နိုင်ငံတော်အတွင်း မွေးဖွားခဲ့တဲ့ ကလေးငယ်များ ဖြစ်ပြီး ၎င်းတို့ဟာ နိုင်ငံသားမှတ်ပုံတင် ရရှိမှာ ဖြစ်ပါတယ်။ ဤလုပ်ငန်းစဉ်များအားလုံးဟာ အခြေခံအခွင့်အရေးများ၊ အမြဲတမ်းနေထိုင်ခွင့်၊ ခရီးသွားလာခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နှင့် အစိုးရလူမှုဖူလုံရေးများကို တန်းတူညီမျှစွာ ရရှိစေမှာ ဖြစ်ပြီး “မည်သူ့ကိုမျှ နောက်ချန်မထား” ဟူသော နိယာမကို အခြေခံထားပါတယ်။” ဟု ပြောကြားခဲ့သည်။
ထို့အပြင် အစိုးရမူဝါဒနှင့်အညီ ပွင့်လင်းမြင်သာစွာနှင့် တန်းတူညီမျှစွာ တာဝန်ထမ်းဆောင်ခဲ့ကြသော အရာရှိများကိုလည်း ချီးကျူးခဲ့သည်။
ထို့အပြင် မွန်အကအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကိုလည်း ကြည့်ရှုခဲ့သည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးသည် “စံခလပူရီ ခိုင်မာစွာ ပူးပေါင်း၍ မူးယစ်ဆေးဝါးဘေးမှ ကာကွယ်ခြင်း” အမည်ရှိ ပြပွဲအား လှည့်လည်ကြည့်ရှုခဲ့သည်။
၎င်းပြပွဲသည် “Seal Stop Safe” မူဝါဒအောက်တွင် ပါဝင်ပြီး APASS Thailand၊ Supanimit Foundation၊ One Sky Foundation နှင့် SPSH ကဲ့သို့သော အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်မှုများကို ပြသထားသည်။
ကန်ချနပူရီပြည်နယ်သည် နိုင်ငံသားနှင့် နိုင်ငံခြားသားအဆင့်အတန်း လျှောက်ထားသူ စတုတ္ထအများဆုံး ဒေသဖြစ်ပြီး စုစုပေါင်း ၅၉,၀၈၀ ဦး ရှိသည်။ စံခလပူရီမြို့နယ်တွင် ပစ်မှတ် ၁၅,၇၁၆ ဦးမှ ၁၃,၀၀၀ ကျော်အတွက် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သည်။
၎င်းတို့တွင် တရားဝင်ရွှေ့ပြောင်းနေထိုင်သူ နိုင်ငံခြားသားအဆင့်အတန်း လျှောက်ထားခြင်းနှင့် ထိုင်းနိုင်ငံသားအဆင့်အတန်း လျှောက်ထားခြင်း နှစ်မျိုးလုံး ပါဝင်သည်။
ပြည်သူလူထုအများစုသည် ရေရှည်စောင့်မျှော်နေခဲ့ရသော ဤအခွင့်အရေးကို ကျေနပ်ကြပြီး ၎င်းသည် ထိုင်းလူ့အဖွဲ့အစည်းအတွင်း ဘဝအရည်အသွေး၊ ဂုဏ်သိက္ခာနှင့် တန်းတူညီမျှမှုကို အမှန်တကယ် သက်ရောက်မှုရှိမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း/ဓါတ်ပုံ-စံခလပူရီ ရေဒီယိုအသံလွှင့်ဌာန (SWT.Sangkhlaburi)































































