ယမန်နေ့ သြဂုတ်လ ၁၇ ရက်နေ့က မြန်မာလေတပ်ရဲ့ YAK-130 တိုက်လေယာဉ် ၂ စင်းဟာ ကရင်နီပြည်နယ်ထဲက လောခါးလိုရွာက အရပ်သားတွေနေထိုင်တဲ့နေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၂၄ ယောက် သေဆုံးပြီး နောက်ထပ် လူ ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) ရဲ့ အဆင့်မြင့်သတင်းရင်းမြစ်တစ်ခုရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲဒီနေ့တစ်နေ့တည်းမှာပဲ တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ခဲ့ပြီး ပထမတစ်ကြိမ် မနက် ၇ နာရီ ၄၅ မိနစ်မှာ ဆေးရုံအဟောင်းကို ဗုံးကြဲခဲ့လို့ အနီးအနားက ပြည်သူ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ဒုတိယတစ်ကြိမ် နေ့လယ် ၁၂ နာရီမှာတော့ တောင်ပေါ်က လူနေရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူအများအပြား သေဆုံး၊ ဒဏ်ရာရခဲ့တာပါ။
သတင်းတွေအရ အဲဒီရွာတည်ရှိတဲ့ မော်ချီးမြို့နယ်ဟာ ကရင်နီတပ်မတော်အတွက် ဝင်ငွေရစေတဲ့ အရေးကြီးသတ္တုတွင်းလုပ်ငန်းတွေရှိတဲ့နေရာ ဖြစ်ပါတယ်။
ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေရဲ့ ငွေကြေးလမ်းကြောင်းကို ဖြတ်တောက်ချင်တဲ့ စစ်ကောင်စီအတွက် အဓိကပစ်မှတ်ဖြစ်နေတာပါ။
အရင်ကလည်း ဒီနေရာကို လေကြောင်းကနေ အနည်းဆုံး ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ဖူးပြီး ပြီးခဲ့တဲ့လကဆိုရင် သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ရပ်တန့်သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အရပ်သားပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပိုမိုပစ်မှတ်ထားလာခဲ့ပါတယ်။
Crd- CaoCao







































