ကန်ချနပူရီ နယ်စပ်အာဏာပိုင်များသည် လွန်ခဲ့သည့်ညဉ့်နက်ပိုင်းက စံခလပူရီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုများရှိကြောင်း သတင်းပေးချက်အရ ဘုရားသုံးဆူနယ်စပ်မှ ခြေကျင်ခိုးဝင်လာသည့် မြန်မာနိုင်ငံသား အလုပ်သမား ၂၂ ဦးကို တစ်ညတည်းအတွင်း ဖမ်းဆီးရမိခဲ့သည်။
ပထမအကြိမ်ဖမ်းဆီးမှုမှာ စေတနာရှင်ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ စံခလပူရီမြို့နယ်၊ နောင်လူဆီအုန်းခြံတစ်ခုအတွင်း အာဏာပိုင်များက ဝင်ရောက်စစ်ဆေးရာ မည်သည့်အထောက်အထားမှမရှိဘဲ ထိုင်းဘာသာစကားလည်း မပြောတတ်သည့် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၁၄ ဦးကို သြဂုတ်လ ၂၂ ရက်၊ နံနက် ၁ နာရီခန့်တွင် ထိန်းသိမ်းနိုင်ခဲ့သည်။
စကားပြန်မှတစ်ဆင့် စစ်ဆေးမေးမြန်းရာတွင် ၎င်းတို့အားလုံးသည် ဘုရားသုံးဆူစေတီနယ်စပ်အနီး သဘာဝလမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ စစ်ဆေးရေးဂိတ်များကို ရှောင်ရှားရန် ပွဲစားတစ်ဦးက တောလမ်းအတိုင်း လမ်းလျှောက်ခေါ်ဆောင်လာခဲ့ပြီး၊ အလုပ်လုပ်ရန် ပြည်နယ်အသီးသီးသို့ သွားရောက်နိုင်ရန် လာကြိုမည့် လှေကို ဆီအုန်းခြံတွင် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ကြသည်။
ထို့အပြင် ဒုတိယဖြစ်စဥ်မှာ နံနက် ၄ နာရီတွင် အဆိုပါအာဏာပိုင်အဖွဲ့သည် စံခလယ်ကျေးရွာအုပ်စု (၈) ရှိ တောစပ်တစ်လျှောက် လူတစ်စု လမ်းလျှောက်နေသည်ကို တွေ့ရှိကြောင်း နောက်ထပ်သတင်းတစ်ခု ရရှိခဲ့သည်။
ထို့ကြောင့် အာဏာပိုင်များက ချောင်းမြောင်းစောင့်ဆိုင်းပြီး အမျိုးသား ၈ ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကာ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ၎င်းတို့အားလုံးကို ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် စံခလပူရီ ရဲစခန်း၌ အမှုဖွင့်အရေးယူခဲ့သည်။
Crd- ကန်ချနပူရီ ဒေသတွင်းသတင်း







































