သံဖြူဇရပ် ဩဂုတ် (၈) မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာနေ ဇနီးမောင်နှံနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက်နေ့ နံနက် (၁၁) နာရီအချိန်ခန့်က အဆိုပါ ထင်းရူးကျေးရွာနေ အသက် (၃၅) နှစ်အရွယ် မင်းထိုက်နီ ဆိုသူနှင့် ဇနီးဖြစ်သူ အသက် (၄၀) နှစ်အရွယ် မိညာဏ် တို့နှစ်ဦးမှာ သံဖြူဇရပ်မြို့နယ် လင်မသာကျေးရွာနှင့် ထင်းရူးကျေးရွာကြား ကျေးရွာချင်းဆက်လမ်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
“လင်မယားနှစ်ယောက်လုံးမှာ နဖူးကျည်ဖောက်ဝင်ဒဏ်ရာနဲ့ သေဆုံးနေတာပါ။ ဘယ်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်သွားလဲတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ထို မင်းထိုက်နီ နှင့် မိညာဏ် တို့ဇနီးမောင်နှံနှစ်ဦးမှာ မွန်လူမျိုးများဖြစ်ပြီး ဈေးရောင်းသူများဖြစ်ကြသည်ဟု သိရကြောင်း ၎င်းဒေသခံက ဆိုသည်။
သို့သော်လည်း ၎င်းတို့ဇနီးမောင်နှံနှစ်ဦးမှာ နောက်ကွယ်တွင် လောင်းကစားဝိုင်းများဖွင့်လှစ်ထားခြင်းနှင့်အတူ စစ်တပ်အား သတင်းပေးအဖြစ်လုပ်ဆောင်နေသူများဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြု၍ မရပေ။
ယင်းကဲ့သို့ အတည်ပြုချက်မရှိဘဲ တောတွင်းဥပဒေများဖြင့် ပြစ်ဒဏ်သတ်မှတ်ခြင်းသည် တရားဥပဒေစိုးမိုးရေးဆိုင်ရာ သက်သေအထောက်အထားမဲ့ဖြစ်ပြီး မတရားခြင်းတစ်ရပ်အဖြစ် သတ်မှတ်နိုင်ကြောင်း ဥပဒေပညာရှင်များက ထောက်ပြနေသည်။
“မေလ ၃ ရက်က ကိုစိုးသန်း (ခ) သားကြီး ပစ်သတ်ခံရမှုနဲ့ ယခု ဇနီးမောင်နှံပစ်သတ်ခံမှုတို့ဟာ ဥပဒေကင်းမဲ့တဲ့ လက်စားချေမှုသံသရာ ကို ဖြစ်ပေါ်စေပြီး ဒေသတွင်း လုံခြုံရေးပိုမိုယိုယွင်းစေပါတယ်”ဟု သံဖြူဇရပ်မြို့မှ အမည်မဖော်လိုသော ရှေ့နေတစ်ဦးက သုံးသပ်သည်။
ပြီးခဲ့သည့် မေလ (၃) ရက်နေ့ ကလည်း သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာနေ ကိုစိုးသန်း (ခ) သားကြီးဆိုသူကိုလည်း ၎င်းနေထိုင်ရာနေအိမ်ရှေ့ရှိ ဆိုင်ကယ်ပြင်ဆိုင်ရှေ့တွင် အမည်မသိ သေနတ်သမားများမှ သေနတ်ဖြင့် ပစ်သတ်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
သံဖြူဇရပ်မြို့နယ်၊ ထင်းရူးကျေးရွာရှိ စစ်တပ်တပ်စွဲထားသည့် ရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များမှ မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိကြောင်း နှင့် ယင်းဒေသအတွင်း ရာမညမွန်တပ်တော် RMA၊ ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF နှင့် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA အစရှိသည့် တော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားနေကြကြောင်းနှင့် စစ်တပ်သတင်းပေးဆိုသူများမှာလည်း မကြာခဏ သုတ်သင်း ရှင်းလင်းခံရလေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။




































