ပဲခူးမြို့လယ်ခေါင် တိုင်းအစိုးရရုံးအရှေ့၊ တောင်ငူလမ်းမပေါ်တွင် တင်ထားသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးရုပ်တုကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဩဂုတ် ၇ ရက်နံနက်ပိုင်းတွင် ကရိန်းနှင့် ကုန်တင်ယာဉ်ဖြင့် ဖယ်ရှားသယ်ဆောင်သွားခဲ့ကြောင်း မြို့ခံများက ပြောသည်။ အဆိုပါရုပ်တုကို မည်သည့်နေရာသို့ ပို့ဆောင်ခဲ့သည့်အကြောင်း မသိရပါ။
မြို့ခံတစ်ဦးက “ဘာကြောင့် ဖယ်ရှားလိုက်တာလဲ မသိဘူး၊ နောက်မှာ အဲ့နေရာကို ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရမယ်” ဟု ပြောသည်။
ဖယ်ရှားခံရသည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုကို ၁၉၈၉ ခုနှစ်အနီး နဝတ စတင်ဖွဲ့စည်းချိန်က ပဲခူးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က တည်ဆောက်ခဲ့သည်။ ယင်းနေရာတွင် ပဲခူးမြို့ခံ နိုင်ငံရေးသမားများက ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက်သည့် အခမ်းအနားများ ကျင်းပလေ့ရှိသည်။
မကြာမီ ဇူလိုင် ၂၈ ရက်နေ့ကလည်း နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ပုဗ္ဗဈေးအနီး ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ဖယ်ရှားပြီး ရုပ်တုစင်ကို ဖြိုချခဲ့ကြောင်း သိရသည်။
ထို့အပြင် NLD အစိုးရလက်ထက် ဖွင့်လှစ်ခဲ့သော မွန်ပြည်နယ် ဘီလူးကျွန်းရှိ “ဗိုလ်ချုပ်အောင်ဆန်းတံတား” ကို ၂၀၂၁ မေ ၃၁ ရက်တွင် စစ်ကောင်စီက “သံလွင်တံတား(ချောင်းဆုံ)” ဟု အမည်ပြောင်းခဲ့ပြီး ယခင်တံတားဆိုင်းဘုတ်က နီရောင်ကို အစိမ်းရောင် သုတ်လဲခဲ့သည်။




































