ဒီတစ်ပတ်ကျရောက်မယ့် ရက်ရှည်လေးရက် အမေများနေ့ပိတ်ရက်မှာ ပြည်တွင်းခရီးစဉ် ၃.၁၆ သန်းကနေ ဘတ်ငွေ ၁၃ ဘီလီယံလောက် ဝင်ငွေရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ ခရီးသွားအများစုကတော့ ကုန်ကျစရိတ်သက်သာအောင် တခြားဒေသတွေကိုမသွားဘဲ ကိုယ့်ပြည်နယ်ထဲမှာပဲ ခရီးသွားကြဖို့များတယ်လို့ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က ပြောပါတယ်။
ဩဂုတ်လ ၁၁ ရက်နေ့ကို အစိုးရက ရုံးပိတ်ရက်တစ်ရက်တိုးပေးလိုက်တာက ပြည်တွင်းခရီးသွားလုပ်ငန်းကို အတိုင်းအတာတစ်ခုအထိ အားပေးရာရောက်ခဲ့ပြီး ဒီကာလအတွင်း ဟိုတယ်အခန်းပြည့်နှုန်းက ပျမ်းမျှ ၆၆% အထိရှိခဲ့တယ်လို့ TAT ဥက္ကဋ္ဌဖြစ်သူ ထာပနီ ကိယက်ဖိုင်ဘွန် (Thapanee Kiatphaibool) က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေက ခရီးသွားတွေကို အများဆုံးဆွဲဆောင်နိုင်မယ်လို့ ခန့်မှန်းထားပြီး ခရီးစဉ်ပေါင်း ၈၉၈,၀၀၀ နဲ့ ၆၀၉,၀၀၀ အသီးသီးရှိနိုင်ပါတယ်။
ဘန်ကောက်မြို့က ဝင်ငွေအများဆုံး ဘတ် ၃.၄ ဘီလီယံ ရရှိနိုင်ပြီး တောင်ပိုင်းက ဘတ် ၂.၇ ဘီလီယံနဲ့ အရှေ့ပိုင်းက ဘတ် ၂.၆ ဘီလီယံလောက် ဝင်ငွေရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဒါပေမဲ့ ထိုင်းခရီးသွားတွေကတော့ စီးပွားရေးအေးစက်နေတာ၊ နေထိုင်စားသောက်စရိတ်ကြီးမြင့်တာနဲ့ အိမ်ထောင်စုအကြွေးတွေကြောင့် ခရီးသွားဖို့ ငွေသုံးရာမှာ သတိထားနေကြတုန်းပါပဲ။
ဒါက ထိုင်းခရီးသွားလုပ်ငန်းကောင်စီရဲ့ စစ်တမ်းတစ်ခုနဲ့လည်း ကိုက်ညီနေပါတယ်။ အဲဒီစစ်တမ်းအရ ပြည်တွင်းခရီးထွက်ဖို့ အစီအစဉ်ရှိသူဟာ ၃၁% ပဲရှိတယ်လို့ ဆိုပါတယ်။
ထာပနီက ပြောကြားရာမှာ စစ်တမ်းဖြေဆိုသူတွေထဲက ၆% ကသာ ညအိပ်ခရီးစဉ်သွားမှာဖြစ်ပြီး ၉% ကတော့ တခြားဒေသတွေကို ခရီးသွားဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
ငွေကြေးတတ်နိုင်တဲ့ ခရီးသွားတွေကတော့ ဒီအခွင့်အရေးကိုသုံးပြီး ပြည်ပကို ခရီးထွက်ကြဖို့များပါတယ်။
ဇူလိုင်လက ပိတ်ရက်ရှည်မှာ ထိုင်းလူမျိုး ၃ သိန်းလောက် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နဲ့ ထိုင်ဝမ်ကို ခရီးထွက်ခဲ့တာကို ကြည့်ရင်သိနိုင်ပြီး ဒါဟာ မနှစ်ကထက် ၁.၃% တိုးလာတာဖြစ်ပါတယ်။
လာမယ့်ပိတ်ရက်မှာ ပြည်တွင်းခရီးသွားလုပ်ငန်းကို ထိခိုက်စေနိုင်တဲ့ အချက်နှစ်ချက်ရှိတယ်လို့ သူကပြောပါတယ်။
တစ်ခုက မြောက်ပိုင်းမှာ မိုးရွာမယ်လို့ ခန့်မှန်းထားတာကြောင့် အဲဒီဒေသမှာ ပြည်တွင်းခရီးစဉ် ၃၃၈,၇၀၀ လောက်ပဲရှိပြီး ဝင်ငွေ ဘတ် ၁.၄ ဘီလီယံလောက်ပဲ ရနိုင်ပါတယ်။
နောက်တစ်ခုကတော့ လုံခြုံရေးစိုးရိမ်တဲ့ ခရီးသွားတွေက ထိုင်း-ကမ္ဘောဒီးယားနယ်စပ်က ပြည်နယ် ၇ ခုကို သွားကြတာ ရှောင်ကြဉ်နိုင်ပါတယ်။
အစိုးရရဲ့ ဟိုတယ်တည်းခိုခထောက်ပံ့ကြေးအစီအစဉ်ကတော့ ချွန်ဘူရီ၊ ဖက်ချဘူရီ၊ ပရာကျွတ်ခီရီခန်၊ ကန်ချနဘူရီနဲ့ ရယောင်းတို့လို တချို့နေရာတွေမှာ ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်ပေးနိုင်ပါတယ်။ ဒီမြို့တွေဟာ အဲဒီအစီအစဉ်မှာ လူကြိုက်အများဆုံးနေရာတွေ ဖြစ်ခဲ့ပါတယ်။
ဒုတိယတန်းစားပြည်နယ်တွေထဲမှာတော့ ချန်ထဘူရီ၊ တရပ်၊ ရတ်ချဘူရီ၊ နခွန်ဆီထမ်မရတ်နဲ့ နခွန်နာယွတ်တို့က ဒီအစီအစဉ်ကနေ ဘွတ်ကင်အများဆုံးရခဲ့တယ်လို့ ထာပနီက ပြောပါတယ်။
ဩဂုတ်လ ၁၂ ရက်နေ့ဟာ ဘုရင်မကြီး သီရိခေတ်ရဲ့ မွေးနေ့ဖြစ်ပြီး ထိုင်းအမျိုးသားအမေများနေ့လည်းဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ ကြေညာချက်အရ အဲဒီနေ့ဟာ တရားဝင်ရုံးပိတ်ရက်ဖြစ်ပါတယ်။
ဓါတ်ပုံ- စံခလပူရီ မွန်တံတား၊ ကန်ချနပူရီပြည်နယ်အလှ။
ဓာတ်ပုံစာ- ကန်ချနပူရီပြည်နယ်၊ စံခလပူရီခရိုင်က ထိုင်းနိုင်ငံရဲ့ အရှည်ဆုံးသစ်သားတံတားဖြစ်တဲ့ မွန်တံတား (Saphan Mon) မှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့က ခရီးသွားတွေနဲ့ စည်ကားနေပုံ။ (ဓာတ်ပုံ- ပီယရတ် ချောင်ချရွန်/ဖိုင်ဓာတ်ပုံ)
Source- Bangkok Post




































