ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ လုံခြုံရေးအခြေအနေ တင်းမာနေတာကြောင့် ပြည်တွင်းလုံခြုံရေးကွပ်ကဲမှုဌာန (ISOC) က အဓိကကျတဲ့နေရာတွေမှာ လုံခြုံရေးကို တိုးမြှင့်လိုက်ပါတယ်။
အထူးသဖြင့် အမည်မသိ ဒရုန်းတွေကို ကြားဖြတ်ဟန့်တားဖို့ တန်ပြန်တုံ့ပြန်ရေးအဖွဲ့တွေ၊ ဒေသခံတွေရဲ့ စောင့်ကြည့်ရေးကွန်ရက်တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာပါ။
ဒါ့အပြင် တရားမဝင် ဝင်ရောက်လာမှုတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သွားလာလှုပ်ရှားမှုတွေကိုလည်း အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
ISOC ပြောခွင့်ရပုဂ္ဂိုလ် Maj Gen Thammanoon Maisonthi ကလည်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေဟာ နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးပြီး ထိလွယ်ရှလွယ်ဖြစ်နေတယ်၊ ဒေသတွင်းက လှုပ်ရှားမှုတချို့ဟာ ပြည်တွင်းတည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တယ်လို့ သြဂုတ် ၃ ရက်နေ့က ပြောခဲ့ပါတယ်။
ဒီအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ လုံခြုံရေးအေဂျင်စီတွေက ကြိုတင်ကာကွယ်ရေးနဲ့ စောင့်ကြည့်ရေးလုပ်ငန်းတွေကို ပိုပြီး အရှိန်မြှင့်လုပ်ဆောင်လာတာပါ။
အဓိကကတော့ ထောက်လှမ်းရေးလုပ်ငန်းတွေမှာသုံးတာ၊ နိုင်ငံလုံခြုံရေးကို အနှောင့်အယှက်ပေးတာတွေ လုပ်လာနိုင်တဲ့ အမည်မသိ ဒရုန်း (UAVs) တွေရဲ့ ခြိမ်းခြောက်မှုကို အဓိကထားပြီး ကိုင်တွယ်နေတာ ဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်တွေဟာ Civil Aviation Authority of Thailand (CAAT) ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်တာဖြစ်ပြီး ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားတွေကို ပိုတင်းကျပ်စွာ ထိန်းချုပ်တာ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို စောင့်ကြည့်တာလိုမျိုး ကျယ်ပြန့်တဲ့ လုံခြုံရေးအစီအမံတွေရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။
ပြောင်းလဲလာတဲ့ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖို့ ISOC ဟာ ကမ္ဘောဒီးယား နဲ့ နယ်စပ်ထိစပ်နေတဲ့ ပြည်နယ်တွေကို အဓိကထားပြီး Royal Thai Army, Royal Thai Police, အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဒေသအာဏာပိုင်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။
တရားမဝင် ဒရုန်းပျံသန်းမှုတွေနဲ့ ရွှေ့ပြောင်းလုပ်သားဆိုင်ရာ စည်းကမ်းတွေကို ထိန်းချုပ်နိုင်ဖို့ မြို့ပြနဲ့ အန္တရာယ်ရှိနိုင်တဲ့နေရာတွေမှာ ရှောင်တခင်စစ်ဆေးမှုတွေလုပ်ဖို့ ပူးတွဲအဖွဲ့တွေလည်း ဖွဲ့စည်းထားပြီးပါပြီ။
ဒေသအလိုက် ISOC ဒါရိုက်တာတွေကလည်း တစ်နိုင်ငံလုံးမှာရှိတဲ့ ISOC အရာရှိတွေကို အလျင်အမြန်တုံ့ပြန်ရေးအဖွဲ့တွေ အသင့်ပြင်ထားဖို့ အမိန့်ထုတ်ထားပါတယ်။ ဒီအဖွဲ့တွေထဲမှာ စစ်ဘက်ရဲ၊ တော်ဝင်ရဲတပ်ဖွဲ့, အရပ်ဘက်အုပ်ချုပ်ရေး၊ ဒေသခံတွေနဲ့ ရပ်ရွာလုံခြုံရေးကွန်ရက်က အဖွဲ့ဝင်တွေ ပါဝင်မှာပါ။
သူတို့ရဲ့အဓိကတာဝန်က တရားမဝင် ဒရုန်းသုံးစွဲမှုတွေကို စောင့်ကြည့်၊ စစ်ဆေးပြီး ကြားဖြတ်တားဆီးဖို့ပါပဲ။ ခြိမ်းခြောက်မှု အပေါ်မူတည်ပြီး တုံ့ပြန်မှုအဆင့်ဆင့်ကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ရှေ့တန်းနေရာတွေမှာဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒရုန်းတွေကို အီလက်ထရောနစ်စနစ်နဲ့ တားဆီးတာ (soft kill)၊ လိုအပ်လာရင် တိုက်ရိုက်ပစ်ချတာ (hard kill) မျိုးအထိ လုပ်ပိုင်ခွင့် ပေးထားပါတယ်။ နောက်တန်းနေရာတွေမှာတော့ အရပ်သားတွေရဲ့ လုံခြုံရေးကို အဓိကထားပြီး အခြေအနေပေါ်မူတည်ပြီး သင့်တော်သလို ဆောင်ရွက်သွားမှာပါ။
ဒါ့အပြင် နေရပ်ပြန်လိုသူတွေ၊ ထိုင်းမှာ ဆက်နေပြီး အလုပ်လုပ်မယ့်သူတွေ အပါအဝင် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သွားလာလှုပ်ရှားမှုတွေကိုလည်း အနီးကပ် စောင့်ကြည့်နေပါတယ်။
သံသယဖြစ်စရာ လှုပ်ရှားမှုတွေတွေ့ရင် သတင်းပေးပို့ဖို့ ရပ်ရွာလုံခြုံရေးကွန်ရက်တွေ၊ ဒေသခံအလုပ်ရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားပါတယ်။
ISOC ကတော့ နိုင်ငံတော်လုံခြုံရေးအတွက် ပြည်သူတွေအားလုံး မျက်စိနဲ့နားအဖြစ် ကူညီစောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ တရားမဝင် ဒရုန်းအသုံးပြုတာ၊ အရေးကြီးတဲ့နေရာတွေနားမှာ သံသယဖြစ်စရာ လူတွေတွေ့ရင် ISOC Security Hotline ဖုန်းနံပါတ် 1374 ကို ၂၄ နာရီပတ်လုံး ဆက်သွယ်သတင်းပေးပို့နိုင်ပါတယ်။
ကိုးကား- The Nation






































