ရနောင်းမြို့တွင် အသက် ၁၇ နှစ်အရွယ် မြန်မာအမျိုးသမီး အကြမ်းဖက်စော်ကားခံရ၊ ကျူးလွန်သူ မြန်မာအမျိုးသားကို ရဲတပ်ဖွဲ့ ဖမ်းဆီး
ရနောင်း-ဩဂုတ် ၄
ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းမြို့တွင် အသက် ၁၇ နှစ်အရွယ် မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်ပြီး ဓားဖြင့်ထိုးကာ သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူဟု ယူဆရသော အသက် ၃၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်၊ နံနက် ၃ နာရီခန့်က ရနောင်းမြို့၊ ပက်နမ်ရဲစခန်းနယ်မြေအတွင်း အကြမ်းဖက်စော်ကားခံခဲ့ရခြင်းဖြစ်ပြီး ခန္ဓာကိုယ်တွင် ဓားဒဏ်ရာအများအပြားဖြင့် ရနောင်းဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိသည်။
“ဖြစ်ချင်တာတော့ သမီးလေး ဒီဒဏ်ရာတွေ အမြန်ဆုံး သက်သာဖို့ပါပဲ။ သူခံစားနေရတာတွေကို မြင်ရတာ အမေ့ရင်ထဲမှာ မခံစားနိုင်ပါဘူး” ဟု ဆေးရုံတွင် သမီးဖြစ်သူကို ပြုစုစောင့်ရှောက်နေသည့် မိခင်က ဝမ်းနည်းစွာ ပြောကြားသည်။
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်ဇာတိဖြစ်သူ မိခင်နှင့်သမီးတို့သည် လွန်ခဲ့သော ၃ နှစ်ခန့်ကတည်းက ရနောင်းမြို့သို့ ရောက်ရှိအလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဤဖြစ်စဉ်နှင့် ပတ်သက်၍ ရနောင်းခရိုင်ရဲတပ်ဖွဲ့က ဩဂုတ်လ ၄ ရက်နေ့တွင် တရားဝင်သတင်းထုတ်ပြန်ခဲ့ပြီး ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသားကို ဩဂုတ်လ ၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကာ အဓမ္မပြုကျင့်မှု၊ လူသတ်ရန်ကြိုးပမ်းမှုတို့ဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အတည်ပြုခဲ့သည်။
ယခုကဲ့သို့ မိမိနိုင်ငံသားအချင်းချင်းအပေါ် ကျူးလွန်သည့် ကြီးလေးသောပြစ်မှုသည် အလွန်စိတ်မကောင်းဖွယ်ရာဖြစ်ပြီး ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အိမ်ရှင်နိုင်ငံ၏ တည်ဆဲဥပဒေများကို အပြည့်အဝ လေးစားလိုက်နာရန် အထူးအရေးကြီးကြောင်း ဤဖြစ်စဉ်က သတိပေးလိုက်ခြင်းပင်ဖြစ်သည်။
ဥပဒေမဲ့လုပ်ရပ်များသည် ကျူးလွန်သူတစ်ဦးချင်းအတွက် ကြီးမားသည့်ပြစ်ဒဏ်များ ကျခံရနိုင်သကဲ့သို့ ရိုးသားစွာ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလုပ်သားများ၏ ဂုဏ်သတင်းကိုပါ ထိခိုက်စေနိုင်ပါသည်။
ထို့ကြောင့် တိုင်းတစ်ပါးတွင် ရှိနေစဉ်အတွင်း မိမိကိုယ်ကို စောင့်ထိန်းရန်၊ ဥပဒေနှင့်အညီ နေထိုင်ရန်နှင့် မိမိနိုင်ငံသားအချင်းချင်း ရိုင်းပင်းကူညီစောင့်ရှောက်ရန်မှာ အားလုံး၏ တာဝန်ပင်ဖြစ်သည်။
ထိုင်းနိုင်ငံ၏ ရာဇသတ်ကြီးဥပဒေအရ မုဒိမ်းမှုသည် အလွန်ကြီးလေးသော ပြစ်မှုတစ်ခုဖြစ်သည်။
- သာမန်အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ် ၄ နှစ်မှ နှစ် ၂၀ အထိ နှင့် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
- အကယ်၍ အကြမ်းဖက်မှု၊ ပြင်းထန်စွာ နာကျင်စေမှု၊ သို့မဟုတ် လူအများဖြင့် ကျူးလွန်ပါက ပြစ်ဒဏ်မှာ ပိုမိုကြီးလေးသည်။
- ကျူးလွန်ခံရသူမှာ သေဆုံးသွားပါက သို့မဟုတ် သတ်ဖြတ်ရန် ကြိုးပမ်းမှုပါ ပါဝင်ပါက ပြစ်ဒဏ်မှာ တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ် အထိ ချမှတ်နိုင်သော ပြစ်မှုဖြစ်သည်။
ထို့ကြောင့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ဥပဒေကို သိရှိနားလည်ပြီး လေးစားလိုက်နာခြင်းဖြင့် မိမိဘဝနှင့် အခြားသူများ၏ဘဝကို ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းအပ်ပါသည်။
ဓာတ်ပုံ – အကြမ်းဖက်ခံရသည့် မြန်မာအမျိုးသမီးငယ်နှင့် သူမ၏မိခင်ကို ရနောင်းဆေးရုံတွင် တွေ့ရစဉ်။ (Swe Myo Tun/ FB)









































