ဇူလိုင် ၃၁ ရက်နေ့က စစ်ကော်မရှင် (အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ) က တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုက မြို့နယ် ၆၃ မြို့နယ်ကို ရက် ၉၀ ကြာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
အကြောင်းပြချက်ကတော့ “နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး” အတွက်လို့ ဆိုပါတယ်။
ဒါပေမယ့်… ဒီကြေညာချက်က စစ်ရေးတိုက်ခိုက်မှုတွေ ပိုပြင်းထန်လာမယ့် အရိပ်အမြွက်လို့ စစ်ရေးနဲ့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။
ဘာလို့လဲဆိုတော့ အဲဒီ ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ထပ်ကြေညာတာမို့ အခုရက် ၉၀ အတွင်း စစ်ရေးစစ်ဆင်ရေးတွေ ပိုမိုပြင်းထန်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ အများကြီး ရှိနေပါတယ်။
မွန်ပြည်နယ်က ဒီစာရင်းမှာ မပါပေမယ့် မွန်အမျိုးသားအများစု နေထိုင်ကြတဲ့ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်တွေမှာ ရက်ပေါင်း ၉၀ အတွင်း စစ်ဆင်ရေးနယ်မြေ ဖြစ်လာမှာကို ဒေသခံတွေ အကြီးအကျယ် စိုးရိမ်နေရပါတယ်။
စစ်ကောင်စီနဲ့ နီးစပ်တဲ့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးက “စစ်ကောင်စီအနေနဲ့ လက်နက်ကိုင်တော်လှန်သူတွေကို ပြန်ထိန်းချုပ်ဖို့ ဒီနယ်မြေတွေကို အထူးသဖြင့် ထိန်းချုပ်ဖို့ ကြိုးစားနေတာ”လို့ ပြောထားပါတယ်။
စစ်တပ်က ဒီကြေညာချက်ကို အကြောင်းပြပြီး လေကြောင်း၊ ကြည်းတပ် စစ်ဆင်ရေးတွေကို ပိုမိုတိုးချဲ့လုပ်ဆောင်လာမလား ပြည်သူတွေရဲ့ ဘဝ၊ အိမ်ခြံမြေ၊ လုံခြုံရေးကို ပိုပြီး ထိခိုက်လာစေမလား? ဆိုတာတွေဟာ အားလုံးရဲ့ စိုးရိမ်မှုပါ။
ဒီအခြေအနေက လူမှုအသိုက်အဝန်းတွေ၊ သာမန်ပြည်သူတွေအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိလာမလဲဆိုတာ သေချာဂရုစိုက်ကြည့်ရမယ့် ကာလတစ်ခုဖြစ်လာပါတယ်။
အခု စစ်အုပ်ချုပ်ရေး ကြေညာခံရတဲ့ မြို့နယ်တွေဟာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေကဖြစ်ပြီး TNLA, AA, KNU, KIA, CNF နဲ့ PDF တပ်ဖွဲ့တွေက ပြည်သူ့ဘက်ကနေ ခုခံတော်လှန်နေတဲ့ နေရာတွေပါ။
စစ်ကောင်စီဟာ ရှမ်းမြောက်မှာ TNLA ကို ထိုးစစ်ဆင်နေသလို၊ ဗန်းမော်မှာ KIA ရဲ့ ထိုးစစ်ကို အသည်းအသန် ခုခံနေရပါတယ်။ ရခိုင်၊ ကရင်၊ စစ်ကိုင်း၊ ချင်းမှာလည်း နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေ ဖြစ်နေတာပါ။
ဒီတော့ “တည်ငြိမ်အေးချမ်းရေး” ဆိုတာ စစ်ကောင်စီအတွက်တော့ ပြည်သူတွေ အသံတိတ် ကြောက်ရွံ့နေတာကို ဆိုလိုပြီး “တရားဥပဒေစိုးမိုးရေး” ဆိုတာကတော့ သူတို့ရဲ့ စစ်သေနတ်ပြောင်းအောက်မှာ ပြားပြားဝပ်နေရေးပါပဲ။
ဒီကြေညာချက်ဟာ ငြိမ်းချမ်းရေးအတွက် လမ်းစမဟုတ်ဘဲ ပြည်သူတွေရဲ့ ဒုက္ခကို ပိုတိုးစေမယ့်၊ သွေးထွက်သံယိုမှုတွေ ပိုများလာစေမယ့် နိမိတ်ဆိုးတစ်ခုသာ ဖြစ်ပါကြောင်း သုံးသပ်မိပါတယ်။





































