မြန်မာစစ်ကောင်စီဟာ သူတို့ကု နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အမြင်မှာ ပုံရိပ်ပြန်ကောင်းလာဖို့နဲ့ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အမေရိကန်နိုင်ငံက လော်ဘီကုမ္ပဏီတစ်ခုကို ဒေါ်လာ ၃ သန်းပေးပြီး တစ်နှစ်စာချုပ်နဲ့ ငှားရမ်းလိုက်ပါတယ်။
ဒီကုမ္ပဏီကတော့ ဝါရှင်တန် ဒီစီ အခြေစိုက် DCI Group ဖြစ်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နဲ့ DCI Group က စီမံခန့်ခွဲမှုအဖွဲ့ဝင် Justin Peterson တို့ ပြီးခဲ့ ဇူလိုင် ၃၁ ရက်နေ့မှာသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ဒီ DCI Group ဟာ အခုမှ မြန်မာစစ်အစိုးရအတွက် အလုပ်လုပ်ပေးတာ မဟုတ်ပါဘူး။ ၂၀၀၂ ခုနှစ်တုန်းက နအဖ စစ်အစိုးရအတွက်လည်း အမေရိကန်မှာ စည်းရုံးလှုံ့ဆော်မှုတွေလုပ်ပေးဖို့ ဒေါ်လာ ၃ သန်းခွဲလောက်နဲ့ ငှားရမ်းခံခဲ့ရဖူးပါတယ်။
အဓိကကတော့ မြန်မာစစ်အစိုးရရဲ့ နိုင်ငံတကာမှာ ကျဆင်းနေတဲ့ပုံရိပ်ကို ငွေကြေးသုံးပြီး ဝါဒဖြန့်ချိရေးတွေနဲ့ ပြန်ဆယ်ဖို့ ကြိုးစားပေးတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဥပဒေအရ နိုင်ငံခြားအစိုးရတွေအတွက် အခုလို လော်ဘီလုပ်ငန်းတွေ လုပ်ကိုင်ပေးတာဟာ တရားဝင် ဖြစ်ပါတယ်။
ဒါပေမဲ့ လော်ဘီကုမ္ပဏီတွေအနေနဲ့ အမေရိကန် တရားရေးဌာနမှာ တရားဝင်မှတ်ပုံတင်ရပြီး သူတို့ ဘာတွေလုပ်တယ်၊ ဘယ်သူ့ဆီက ငွေဘယ်လောက်ရတယ် ဆိုတာတွေကို ပွင့်လင်းမြင်သာအောင် အစီရင်ခံရတဲ့ စည်းကမ်းချက်တွေတော့ ရှိပါတယ်။
DCI Group လိုမျိုး နိုင်ငံခြားအစိုးရတွေအတွက် အလုပ်လုပ်ပေးတဲ့ ကုမ္ပဏီတွေ အမေရိကန်မှာ အများအပြား ရှိနေပါတယ်။


အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေကြား ဆက်ဆံရေးဆိုင်ရာ သတင်းတွေ ဖော်ပြတဲ့ အိုဒွိုင်ယာ (O’Dwyer’s) ရဲ့ ဖော်ပြချက်အရ DCI Group ဟာ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေး၊ သတ္တုတူးဖော်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ရရှိအောင် ကူညီဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
ဒီလုပ်ငန်းကို အဓိက ဦးဆောင်မယ့်သူတွေကတော့ အမေရိကန် ရီပတ်ဘလစ်ကန်ပါတီနဲ့ ရင်းနှီးတဲ့ DCI Group က Justin Peterson နဲ့ Ryan Grillo တို့ ဖြစ်ပါတယ်။
Justin Peterson ဟာ အရင်က သမ္မတလောင်း Elizabeth Dole ရဲ့ မဲဆွယ်အဖွဲ့မှာ တာဝန်ယူခဲ့ဖူးသူပါ။ သမ္မတ ဒေါ်နယ်ထရန့် လက်ထက်တုန်းကလည်း အမေရိကန်ပိုင် ပေါတူရီးကိုးဒေသရဲ့ ငွေကြေးဆိုင်ရာ ဘုတ်အဖွဲ့မှာ ကြီးကြပ်သူအဖြစ် ခန့်အပ်ခံခဲ့ရတဲ့အထိ ဩဇာရှိသူ တစ်ယောက်ဖြစ်ပါတယ်။
Ryan Grillo ကတော့ အထက်လွှတ်တော်အမတ်တစ်ဦးရဲ့ ရုံးမှာ အလုပ်လုပ်ခဲ့ဖူးပြီး အခု DCI Group ရဲ့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေကို တာဝန်ယူထားသူပါ။
စစ်ကောင်စီက အခုလို ဒေါ်လာသန်းချီအကုန်အကျခံပြီး လော်ဘီငှားနေပေမယ့် လက်တွေ့မှာတော့ အမေရိကန်အစိုးရက မြန်မာစစ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ ခရိုနီလုပ်ငန်းရှင်တစ်ချို့ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ (Sanctions) ချမှတ်ထားဆဲ ဖြစ်ပါတယ်။
ဒါကြောင့် DCI Group အနေနဲ့ စစ်ကောင်စီအတွက် အမေရိကန်နဲ့ ဆက်ဆံရေး ပြန်ကောင်းလာအောင် စည်းရုံးဖို့ကတော့ အတော်လေး စိန်ခေါ်မှုကြီးမားတဲ့ အခြေအနေတစ်ခု ဖြစ်နေပါသေးတယ်။



































