နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ၏ ဗဟိုအကြံပေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကာ/လုံကောင်စီရုံးက ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဗဟိုအကြံပေးအဖွဲ့ကို အဖွဲ့ခေါင်းဆောင်အဖြစ် ဦးစောထွန်းအောင်မြင့်က တာဝန်ယူပြီး အဖွဲ့ဝင်များအဖြစ် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုး၊ ဒေါက်တာမောင်မောင်နိုင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ဦးဝဏ္ဏမောင်လွင်၊ မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာမှုထန်နှင့် ခွန်စံလွင်တို့ ပါဝင်ကြသည်။
အဖွဲ့ဝင်အဖြစ် ပါဝင်သည့် ဒေါက်တာဗညားအောင်မိုးသည် မွန်ညီညွတ်ရေးပါတီ (MUP) ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယခင်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။




































