ကမ္ဘောဒီးယားရဲ့ အကွက်ကို သုံးသပ်ကြည့်ရအောင်။ ကိုယ့်ဘက်က အားနည်းနေမှန်း သိသိကြီးနဲ့ ဘာဖြစ်လို့ နယ်စပ်တစ်လျှောက်မှာ စစ်မျက်နှာအသစ်တွေ ထပ်ဖွင့်နေရတာလဲ။
မေးခွန်းများ
- ကမ္ဘောဒီးယားက ဘာကြောင့် တိုက်ပွဲနယ်မြေကို ကုန်းမြေရော၊ ပင်လယ်ရေကြောင်း နယ်စပ်တွေအထိပါ ချဲ့ထွင်လိုက်တာလဲ။
- လူအင်အား၊ လက်နက်အင်အားနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းမှာ ထိုင်းကိုမယှဉ်နိုင်တာ သိသိကြီးနဲ့ ဘာလို့များ ပဋိပက္ခကို ပိုပြီးအရှိန်မြှင့်နေရတာလဲ။
- ကမ္ဘောဒီးယားရဲ့ မဟာဗျူဟာမြောက် အစီအစဉ်က တကယ်တမ်းမှာ ဘာလဲ။
အဖြေများ
- ကမ္ဘောဒီးယားဟာ သူတို့ပိုင်တယ်လို့ အခိုင်အမာ ပြောနေတဲ့ နေရာအားလုံးမှာ မတည်ငြိမ်မှုတွေဖြစ်အောင် တမင်တကာ ဖန်တီးချင်တဲ့ပုံပါပဲ။ ဒီအချိန်မှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီနယ်စပ်ပဋိပက္ခအကြောင်းကို ကောင်းကောင်းသိနေပါပြီ။
- ရည်ရွယ်ချက်ကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ရဲ့ အာရုံစိုက်မှုကိုရဖို့ပါပဲ။ အဲဒီကနေတစ်ဆင့် ကြားဝင်စေ့စပ်ပေးဖို့၊ ဆုံးဖြတ်ချက်တစ်ခုခုချပေးဖို့ ဒါမှမဟုတ် လေ့လာသူတွေ စေလွှတ်ပေးဖို့ မျှော်လင့်နေတာပါ။
- ဒီလိုနည်းနဲ့ နှစ်နိုင်ငံကို စေ့စပ်ညှိနှိုင်းရေးဆီ တွန်းပို့ပြီး စားပွဲဝိုင်းပေါ်ရောက်တဲ့အခါ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားတဲ့ကိစ္စကို တင်သွင်းလာနိုင်ဖို့ ဖြစ်ပါတယ်။
သုံးသပ်ချက်
- တိုက်ပွဲတွေပြင်းထန်လာရင် ဒါမှမဟုတ် ကြာရှည်လာရင် “ဘယ်သူက အရင်စပစ်တာလဲ” ဆိုတဲ့မေးခွန်းက အရေးမပါတော့ပါဘူး။ နိုင်ငံတကာရဲ့အာရုံစိုက်မှုက ဘယ်သူစတင်ခဲ့သလဲဆိုတာထက် ပဋိပက္ခရဲ့ အတိုင်းအတာနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေအပေါ်ပဲ ရောက်သွားမှာပါ။
- ကမ္ဘောဒီးယားက သူတို့ပိုင်တယ်လို့ အခိုင်အမာဆိုပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ကို တင်သွင်းထားဖူးတဲ့ နေရာတွေမှာပါ တမင်တကာ စစ်မျက်နှာအသစ်တွေဖွင့်နေတာက “ဒီအကြမ်းဖက်မှုတွေဟာ မဖြေရှင်းရသေးတဲ့ နယ်မြေအငြင်းပွားမှုတွေကြောင့် ဖြစ်ရတာပါ” လို့ ပုံဖော်ဖို့ပါပဲ။
- ရည်မှန်းချက်ကတော့ ဒီကိစ္စကို နိုင်ငံတကာအရေးအခင်းဖြစ်အောင်လုပ်ပြီး ICJ က ကြားဝင်ဖြေရှင်းပေးတာ ဒါမှမဟုတ် တတိယနိုင်ငံတစ်ခုခုက ကြားဝင်စေ့စပ်ပေးတာမျိုးကို လိုချင်လို့ပါ။
- သတင်းတွေအရတော့ ကမ္ဘောဒီးယားဟာ လုံခြုံရေးကောင်စီ အစည်းအဝေးရလဒ်ကို အတော်လေး မကျေမနပ်ဖြစ်နေပါတယ်။ သူတို့ဘက်က မျှော်လင့်ထားသလို ဆုံးဖြတ်ချက်မျိုးလည်း မရခဲ့သလို၊ ဘယ်အင်အားကြီးနိုင်ငံကမှလည်း သူတို့ဘက်က ရပ်တည်ပြီး ပေါ်ပေါ်တင်တင် ထောက်ခံတာမရှိခဲ့ပါဘူး။ ပိုဆိုးတာက အစိုးရအတော်များများက ကမ္ဘောဒီးယားရဲ့ အရပ်သားပစ်မှတ်တွေ တိုက်ခိုက်တာကို ဝေဖန်ခဲ့ကြပါတယ်။
- အဲဒါကြောင့် ကမ္ဘောဒီးယားဟာ တတ်နိုင်သမျှ နယ်မြေတွေပြန်ရဖို့ စစ်ရေးထိုးစစ်တွေကို အရှိန်မြှင့်လိုက်ပြီး ထိုင်းဘက်ကလည်း ကမ္ဘောဒီးယားပိုင်နက်ထဲအထိ ပိုပြီးနက်နက်ရှိုင်းရှိုင်း တိုက်ခိုက်လာအောင် တမင်တကာ ဆွပေးနေတာပါ။
- နောက်ဆုံးပန်းတိုင်ကတော့ ထိုင်းဟာ ခံစစ်အနေအထားမဟုတ်ဘဲ ထိုးစစ်ဆင်နွှဲနေတယ်လို့ စွပ်စွဲပြီး ထိုင်းကို ကျူးကျော်သူအဖြစ် ပုံဖော်ကာ သံတမန်ရေးရာမှာ အသာစီးရအောင် လုပ်ဖို့ပါပဲ။
Crd- ဇူလိုင် (၂၇) The Nation သတင်းစာ





































